ပခုက္ကူ အခွန်လွတ်စျေးနား ဆိုင်ကယ်စီးလာတဲ့ အမျိုး သမီးနှစ်ဦးကို စစ်အုပ်စုက ပစ်ခတ်ဖမ်းဆီး

နိုဝင်ဘာ ၂၆၊ The Nation Voice

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခွန်လွတ်စျေးနား ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးလာတဲ့ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဒီကနေ့ နိုဝင်ဘာ (၂၆)ရက် မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်လို့ ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက ကနဦးသိရပါတယ်။

ဒီကနေ့မနက် (၇) နာရီလောက်က ပခုက္ကူအခွန်လွတ်စျေးနား စစ်ကောင်စီတပ်က ဆိုင်ကယ်တွေကို တားဆီးစစ် ဆေးနေချိန် ဆိုင်ကယ်ရပ်မပေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ အမျိုးသမီးနှစ်ဦးကို ပစ်ခတ်လိုက်တာလို့ ဆိုပါတယ်။

” အမျိုးသမီးနှစ်ဦးက ဆိုင်ကယ်စီးလာတာ။ စခတွေက ဆိုင်ကယ်ရပ်ခိုင်းတာကို ရပ်မပေးလို့ ပစ်တာလို့သိရတယ်။ အခု အဖမ်းခံထားရတယ်လို့ ကနဦးသိရပါတယ် ” လို့ ပခုက္ကူဒေသခံတစ်ဦးက ပြောပါတယ်။

ဆိုင်ကယ်နှစ်ယောက်စီးလာတာကို ပစ်ခတ်ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးနှစ်ဦးရဲ့နေရပ်၊ အသက်အရွယ်နဲ့ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။

ပခုက္ကူမြို့နယ်မှာ စစ်အုပ်စုက ဆိုင်ကယ်နှစ်ယောက်မစီးရဒေသန္တရအမိန့်ကို နိုဝင်ဘာ (၂၄)ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး အဲဒီအမိန့်အရ မည်သူမဆို မနက် (၈) နာရီမှ ညနေ (၆) နာရီအတွင်း ဆိုင်ကယ်မောင်းသူတစ်ဦးထဲကိုသာ စီးနင်းခွင့်ပြုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *