ပုလောအခြေစိုက်-၂၈၅တပ်ရင်းကို KNDO ဦးစီးတဲ့ မဟာမိတ်တပ်တွေက ပထမဆုံးအကြိမ်ထိုးစစ်ဆင်တိုက်ခိုက်

နိုဝင်ဘာ ၂၆၊ The Nation Voice

တနင်္သာရီတိုင်း၊ပုလောအခြေစိုက်-၂၅၈ တပ်ရင်းကို မနေ့က နိုဝင်ဘာ(၂၅)ရက်နေ့မှာ ပထမဆုံးအကြိမ်အ‌ဖြစ်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပူရိယက္ခညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

မနေ့က ည(၇)နာရီကျော်လောက်မှာ ပုလောအခြေစိုက်-၂၈၅တပ်ရင်းနဲ့ နန်းတောင်ရွာက အကြမ်းဖက်စစ်ကောင်စီတပ်စခန်းငယ်(၁)ခုကို KNDO ဦးစီးတဲ့မဟာမိတ်တပ်တွေက တစ်ပြိုင်နက်တည်း ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ KNDO ဦးစီးတဲ့မဟာမိတ်တပ်တွေဘက်က ၂၈၅တပ်ရင်းထဲကို RPG ၊(၄၀)မမတွေနဲ့နာရီဝက်ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ပြီး အကြမ်းဖက်စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ အချက်(၃၀)ခန့်ထက်မနည်း ပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းမှာ KNDO ဦးစီးတဲ့မဟာမိတ်တပ်တွေဘက်က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး နန်းတောင်စခန်းငယ်နဲ့ ၂၅၈တပ်ရင်းအတွင်းက အကြမ်းဖက်စစ်သားတွေဟာလည်း အသာစီးရနေတာကြောင့် အထိအခိုက်မရှိခဲ့ဘူးလို့ အသိပေးထားပါတယ်။

“ယမန်နေ့ညတိုက်ခိုက်မှုသည် ကျွန်ုပ်တို့ ပူရိယက္ခစစ်ကြောင်းအနေဖြင့် ပုလောတော်လှန်ရေးသမိုင်းသစ်ကို ပထမဆုံးရေးထိုးခဲ့ခြင်းဖြစ်ပြီး “ပုရွက်ဆိတ်များအင်အားကြီးလျှင် မြွေကိုသတ်နိုင်သည်”ဟူသောစကားအတိုင်း ပုလောတော်လှန်ရေးသမိုင်းမရိုင်းစေဖို့ စစ်ရေးတိုက်ခိုက်မှုကြီးများမကြာမှီ လာမည်”လို့စစ်ကြောင်းမှုး ဗိုလ်ဝေလက ထုတ်ပြန်ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို KNDO ဦးစီးတဲ့ ပူရိယက္ခညီနောင်စစ်ကြောင်းနဲ့အတူ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)၊မိုးကြိုးအဖွဲ့ ၊ Ghost Ranger အဖွဲ့ တို့က အတူပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလက်ရှိမှာ KNDO ဦးစီးတဲ့ ပူရိယက္ခညီနောင်စစ်ကြောင်းအနေနဲ့ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ရှင်းလင်းဖို့ လက်နက်၊ကျည်ခဲယမ်းနဲ့ငွေကြေးတွေလိုအပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ပါဝင်ကူညီပေးကြဖို့ကို မေတ္တာရပ်ခံထားပါတယ်။

ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *