နိုဝင်ဘာ ၂၆၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) နယ်မြေ ဘိတ်ထား၀ယ်ခရိုင်မှာ အခုနိုဝင်ဘာလဝက်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
KNU တပ်မဟာ(၄)နယ်မြေမှာ နို၀င်ဘာလ(၁)ရက်နေ့ကနေ (၁၆) ရက်နေ့အထိ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း အကြိမ်(၃၀)ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က(၄၈) ဦးသဆုံးကာ (၂၆) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၂၂၄၊ ခမရ-၅၅၉ ၊ ခမရ-၅၆၀၊ ခမရ-၂၈၁၊ ခမရ-၅၅၇၊ ခမရ-၅၅၈၊ ခမရ-၅၆၁ တို့နဲ့တပ်ရင်းအမည်မသိ သေးတဲ့ တခြားစစ်ကောင်စီတပ်ရင်းတွေက KNU တပ်မဟာ (၄) နယ်မြေတွေအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လာလို့ တိုက်ပွဲတွေဖြစ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီ တိုက်ပွဲတွေအတွင်း KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က (၂)ဦး ကျဆုံးပြီး (၄)ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပါတယ်။
KNU ဘိတ်ထားဝယ်ခရိုင် တပ်မဟာ (၄) နယ်မြေမှာ အခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလ ၁၆ရက်နေ့အထိ တိုက်ပွဲပေါင်း(၁၂၃)ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က(၂၄၆)ဦး သေဆုံးကာ (၂၃၉) ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး KNU ဘက်က (၁၄)ဦး ကျဆုံးကာ (၇)ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
