နိုဝင်ဘာ ၂၈၊ The Nation Voice
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊နတ်မဟုတ်ကြီးရွာကို စစ်ကောင်စီတပ်က ဒီကနေ့မနက်မှာ မီးစရှို့နေတယ်လို့ Indaw Revolution က ဖော်ပြပါတယ်။
နိုဝင်ဘာ ၂၈ရက် မနက်ကစပြီး နတ်မဟုတ်ကြီးရွာကို မီးရှို့နေတဲ့အပြင် ရွာသားတချို့ကိုလည်း ဖမ်းဆီးရိုက်နှက်ထားတယ်လို့ ဆိုပါတယ်။
ရွာသူရွာသားတချို့ရှောင်နေသလို တချို့ပိတ်မိနေကြောင်း နေအိမ်အရေအတွက် ဘယ်လောက်မီးလောင်နေတယ်ဆိုတာ လတ်တလော မသိရသေးကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောပါတယ်။
အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီတပ်က အခုလို မီးရှို့နေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အင်းတော်မြို့နယ် အောက်တောရွာက ပြည်သူတချို့ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပါသေးတယ်။
အင်းတော်အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်က ရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူလူထုတွေ အခက်အခဲမျိုးစုံကြုံတွေ့နေကြရပါတယ်။
#thenationvoicemyanmar#အင်းတော်#စစ်ကိုင်း#မီးရှို့မှု
