ဒီဇင်ဘာ ၁၊ The Nation Voice
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ နဲ့ ဝက်လက်မြို့နယ် တပ်ရင်း(၂) တို့က ဝက်လက်ဒေသ ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ဗိုလ်ကျားကြီးအဖွဲ့ကို ကျူးလွန်ထားတဲ့ ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး သဘောထား ကြေညာချက်တစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့ (၃၉) ဖွဲ့က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဗိုလ်ကျားကြီး အဖွဲ့က ဆက်ကြေးကောက်တဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတဲ့အပြင် ဥပဒေမဲ့ သတ်ဖြတ်ဖို့ ဝက်လက် ပကဖရဲ့ စေခိုင်းချက်အရ တပ်ရင်း(၂) က ကြိုးစားခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ ပြည်သူတွေရဲ့ ထွက်ဆိုချက်တွေအရ သိရှိခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဝက်လက် ပကဖက ဗိုလ်ကျားကြီး အဖွဲ့ကို အကြမ်းဖက်အဖြစ် သတ်မှတ်ပြီး သူ့ကို လက်ခံတဲ့ အဖွဲ့တွေကိုလည်း အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်မယ်လို့ ကြေညာခဲ့တာဟာ NUG အစိုးရက ပေးအပ်တဲ့တာဝန်ကို ကျော်လွန်ပြီး အာဏာ အလွဲသုံးစားမှု ဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ကျူးလွန်ခံခဲ့ရတဲ့ ဝက်လက် ဗိုလ်ကျားကြီးအဖွဲ့ကို နောက်နောင် ရင်ဆိုင်ကြုံတွေ့လာရမယ့် အန္တရာယ်တွေအပေါ်မှာ အပြည့်အဝကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့လည်း အသိပေးပါသေးတယ်။
“ ကျွန်ုပ်တို့သည် ယခုလို နောက်ကျောဓါးထိုး ကာကွယ်ရေးတပ်ဖွဲ့ဝင် အချင်းချင်း မနာလို၊ မုန်းတီးမှုဖြင့် သတ်ဖြတ်ခြင်းကို မည်သည့်အခါမျှ လက်ပိုက် ကြည့်နေမည် မဟုတ်ပေ ” လို့ ထုတ်ပြန်ချက်မှာ အသိပေး ပြောဆိုထားပါသေးတယ်။
NUG အနေနဲ့ အမှန်တရားကို ဥပေက္ခာမပြုဘဲ နစ်နာသူတွေကို ငဲ့ညှာတဲ့ အနေနဲ့ ဆိုးရွားတဲ့ မတရား လုပ်ရပ်တွေကို အရေးယူဖို့နဲ့ အကာအကွယ်မဲ့သူတွေကို အကာအကွယ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ (၃၁) ရက်က ဝက်လက်မြို့နယ်က ဗိုလ်ကျားကြီးအဖွဲ့ကို ဝက်လက်တပ်ရင်း(၂)က ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့ရာ ဗိုလ်ကျားကြီးအဖွဲ့က သေဆုံး ထိခိုက်ဒဏ်ရာ ရရှိသူတွေနဲ့ ဖမ်းဆီး ခံထားရသူတွေ ရှိခဲ့တာကြောင့် NUG ကို တိုင်ကြားထားပေမယ့် ယခုချိန်ထိ တရားဝင် တုံ့ပြန်တာမျိုး မတွေ့ရသေးဘူးလို့ ဗိုလ်ကျားကြီးအဖွဲ့က အသိပေးထားပါတယ်။
#NUG#ဝက်လက်နယ်#ဒေသကာကွယ်ရေးတပ်ဖွဲ့
