ဒီဇင်ဘာ ၁၊ The Nation Voice
Chin National Army (CNA) နဲ့ မဟာမိတ်တပ်တွေရဲ့တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၅) ဦး သေဆုံးတယ်လို့ CNA /CNFက သတင်းထုတ်ပြန်ပါတယ်။
CNA ဦးဆောင်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာလအတွင်း CNA ရဲ့တပ်မဟာ (၃) နယ်မြေမှာ ပြင်းထန်တိုက်ပွဲ တွေဖြစ်ပွားခဲ့ပြီးတော့ ချင်းပြည်နယ် ဟားခါး နဲ့ ထန်တလန်မြို့ကြား၊ ဟားခါးမြို့တွင်းတို့မှာ စစ်ကောင်စီတပ် တွေကို CNA နဲ့ ပူးပေါင်းတပ်ဖွဲ့ တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၅) ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
အဲဒီထိတွေ့တိုက်ပွဲတွေမှာ အထိနာခဲ့တဲ့စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာနှစ်စင်း၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်သုံးစင်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ဟားခါးမြို့ပေါ်ရှိ ဗျူဟာကုန်းမှလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။
နိုဝင်ဘာလအတွင်းတိုက်ပွဲတွေမှာ CNA နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေဆီက လက်နက် (၉) လက်နဲ့ ခဲယမ်း တွေသိမ်းဆည်းနိုင်ခဲ့ပြီး CNA ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
#ချင်းပြည်နယ်#ထိတွေ့တိုက်ပွဲ#ချင်းအမျိုးသားတပ်မတော်
