ပခုက္ကူမှာ (၆)ရက်အတွင်း ဆိုင်ကယ်အစီးရေ (၈၀)ကျော် ဖမ်းဆီးခံရ၊ တစ်စီးကို ကျပ်သုံးသောင်းခွဲ တောင်း

ဒီဇင်ဘာ ၁၊ The Nation Voice

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ ဆိုင်ကယ်နှစ်ယောက်မစီးရလို့ ကန့်သတ်ပြီးတဲ့နောက် စစ်ကောင်စီက ဆိုင်ကယ်အစီးရေ (၈၀) ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်မှာ ဆိုင်ကယ်တစ်စီးကို နှစ်ယောက်မစီးရလို့ အမိန့်ထုတ်ပြီး နောက်တစ်ရက် နိုဝင်ဘာ (၂၅)ရက်ကစပြီး ဖမ်းဆီးအရေးယူတာတွေလုပ်ဆောင်ခဲ့ရာ နိုင်ဝင်ဘာ (၂၅)ရက်က အစီး(၄၀)ကျော်နဲ့ အများဆုံးဖြစ်ကာ ဒီကနေ့ နိုဝင်ဘာ (၃၀)မှာ အစီးရေ(၃၀)ကျော်နဲ့ ဒုတိယအများဆုံး အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။

ဖမ်းဆီးအရေးယူလိုက်တဲ့ ဆိုင်ကယ်တွေကို မြို့နယ်ရဲစခန်းမှာ ခေတ္တထားရှိပြီး မြို့နယ်တရားရုံးမှာ ဒဏ်ကြေးဆောင်ပြီးမှ ပြန်လည်ရယူခွင့်ပေးတယ်လို့ စုံစမ်းသိရပါတယ်။

” စခန်းမှာ ငါးထောင် စာရွက်စာတမ်းကြေး ပေးရတယ်။ တရားရုံးမှာကျ သုံးသောင်းဒဏ်ကြေးဆောင်ရတယ်။ အဲတာတွေပြီးမှ စခန်းပြန်သွား တရားရုံးက စာရွက်ပြပြီး ကိုယ့်ဆိုင်ကယ် ပြန်ထုတ်လို့ရတယ် ” လို့ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။

လက်ရှိ ပခုက္ကူမြို့ပေါ်မှာ စစ်ကောင်စီက ဆိုင်ကယ်ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် မြို့ပေါ်တက် စျေးဝယ်ရတဲ့ ဒေသခံတွေနဲ့ ကျန်းမာရေးအရ သွားရောက်ရတဲ့ ဒေသခံတွေ သွားလာရေးအခက်အခဲနဲ့ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *