ဒီဇင်ဘာ ၁၊ The Nation Voice
စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်အတွင်းက လဝကရုံးကို မနေ့က နိုဝင်ဘာ(၃၀) ရက်နေ့မှာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း B-21Kani PDF ဆီကသိရပါတယ်။
မနေ့က မနက်(၉)နာရီကျော်လောက်မှာ ယင်းမာပင်မြို့နယ်အတွင်းက (လဝက)ရုံးကို ခဏတာဝင်ရောက်စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကျွန်တော်တို့ကပစ်ဝင် ဝင်တာပါဗျ။ လဝက ရုံးကလူတစ်ချို့ပစ်ခတ်နေချိန်ထွက်ပြေးသွားတယ်။ခဏတာပစ်ခတ်ပြီး ပြန်ဆုတ်ခဲ့တာပါ”လို့ B-21Kani PDF ရဲ့ တာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုအတွင်းမှာ လဝကရုံးအတွင်းက လူအချို့ကိုဖမ်းဆီးရမိခဲ့ပြီး စစ်မေးတဲ့အခါမှာ နေ့စားခေါ်ခိုင်းတဲ့ ပြည်သူတွေဖြစ်နေကြောင်းသိရှိခဲ့ရပြီး B-21Kani PDF အဖွဲ့ဘက်က ကားတစ်စီးသာသိမ်းကာ ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ သူကTNV ကိုပြောပြပါတယ်။
ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပြီး မကြာခင်မှာ အကြမ်းဖက်စစ်တပ်ဘက်က ကင်းပုန်းတွေထွက်လာပြီး အပြန်အလှန်ပစ်ခတ်မှုတော့ မရှိခဲ့ဘူးလို့ သူကပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ သိမ်းဆည်းရမိတဲ့ကားဟာ ယင်းမာပင်မြို့နယ် အတွင်း(လဝက) ရုံးနဲ့ကျေးလက်ရုံးဆီကို ကူးသန်းရာမှာအသုံးပြုလျှက်ရှိပြီး အကြမ်းဖက်စကစတပ်သားတွေ ညကင်းပတ်ရာမှာလည်း အသုံးပြုနေတဲ့ ကားတစ်စီးဖြစ်တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုအတွင်းမှာ B-21Kani PDF ကရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့လည်းအသိပေးထားပါတယ်။

