ဖားကန့်မြို့လယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်ရှိ

ဒီဇင်ဘာ ၃၊ The Nation Voice

ဖားကန့်မြို့ပေါ်မှာ မနေ့ညပိုင်းက မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၂ရက်ည ၆နာရီခွဲလောက်က မြို့လယ်ကောင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ပစ်ခတ်မှုလည်းဖြစ်ခဲ့ကြောင်း သူက ပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၈)ဦးလောက် ထိခိုက်မှုတွေရှိတယ်လို့ ကြားရပြီး သေဆုံးထိခိုက်အရေအတွက် အတိအကျ မသိရဘူးလို့ မြို့ခံက ပြောပါတယ်။

“လူထုတော့မထိခိုက်ဘူးထင်တယ်။ မနေ့ကကျတော့ လူတွေက သတိနဲ့ပေါ့။ ဆိုင်ကယ်လည်း ဖမ်းတယ်လို့ သတင်းလည်းလွှင့်တယ် Without ကားတွေလည်း ဖမ်းတယ်ဆိုတော့ လူတွေက သိပ်အပြင် မထွက်ကြဘူး။ မနေ့က ပြည်သူတွေက နည်းနည်းတော့သတိရှိရှိနဲ့နေကြတယ်။ ပြည်သူလူထုကလည်း အခြေအနေ မကောင်းဘူးဆိုတာတော့ သိနေကြတာဆိုတော့” လို့ ဖားကန့်မြို့ခံက ပြောပါတယ်။

ကချင်ဒေသစစ်ရေးသတင်းတွေဖော်ပြတဲ့ကချင်သတင်းရင်းမြစ်ကလည်း မနေ့ညပိုင်းက ဖားကန့် တပ်မကုန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦး သေဆုံးကာ ဒဏ်ရာရသူတွေရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ဖော်ပြချက်နဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်ပေမယ့် ကချင်သတင်းရင်းမြစ်ရဲ့ တိုက်ပွဲသတင်းဖော်ပြချက်တွေဟာ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြတဲ့ ဖြစ်စဉ်တွေနဲ့ တူညီမှုရှိတာ အရင်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ တွေ့ရပါတယ်။

အခု ဖားကန့်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး KIA ဘက်ကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *