ဒီဇင်ဘာ ၃၊ The Nation Voice
ဥပဒေကို မျက်ကွယ်ပြုကာ မတရားစီရင်ချက်တွေချခိုင်းပြီး လူငယ်တွေကို သေဒဏ်ပေးကွက်မျက်နေသလို နိုင်ငံခေါင်းဆောင်တွေကိုလည်း မတရားဖမ်းဆီးထောင်ချထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေအထက်မှာဘယ်သူမှမရှိဘူးလို့ ပြောလာပါတယ်။
ပြင်ဦးလွင်မှာ ဒီဇင်ဘာ (၂) ရက်က ပြုလုပ်ခဲ့တဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲမှာ အရေးပေါ်အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။
အရေးပေါ်ကာလအတွင်း အရေးယူမှုတွေဟာ နိုင်ငံရေးအရ အရေးယူခြင်းမျိုးမဟုတ်ဘဲ ဥပဒေအရ အရေးယူခြင်းဖြစ်ကာ ဥပဒေအထက်မှာ ဘယ်သူမှမရှိတာကို ဖော်ပြနေတာဖြစ်တယ်လို့ ဆိုပါတယ်။
တပ်မတော်က ပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်စေရေးအတွက် ခိုင်ခိုင်မာမာ ဆောင်ရွက်ပေးခဲ့တာကို တွေ့ရှိရမှာဖြစ်တယ်လို့လည်း ဝါဒဖြန့် ပြောဆိုပါသေးတယ်။
၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအရဖြစ်ပေါ်လာတဲ့ အရေးပေါ်အခြေအနေတွေအရ တပ်မတော်က နိုင်ငံ့တာဝန်ကို ခေတ္တယူခဲ့တဲ့နောက်ပိုင်း တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်း လုပ်နေသူတွေကို အရေးယူခဲ့ရတာလို့လည်း မင်းအောင်လှိုင်က ပြောင်းပြန်ဖြစ်အောင် ပြောဆိုခဲ့ပါတယ်။
