ဒီဇင်ဘာ ၃၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်ရင်းတွေ အင်အားစုဖွဲ့ပြင်ဆင်နေပြီး ထိုးစစ်ဆင်ဖို့ အလားအလာရှိတယ်လို့ သိရကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁)တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“အဲဒီမှာ ဖွဲ့ထားတာ တပ်ရင်း(၃)ရင်းနဲ့ သူတို့ မွှေမယ်ပြောတာပဲ။ လက်ရှိမှာ ခလရ(၂) နောက်ချန်တို့ ခမရ(၈) နောက်ချန်တို့ နောက် (၂၀၇)နောက်ချန်တို့နဲ့ ပေါင်းပြီးတော့ တက်ပြီးတော့ မွှေမယ်လေ သူတို့ နယ်မြေရှင်းလင်းမယ် အဲဒီလိုမျိုး ကြားရတယ်။ အင်အားကတော့ ရာချီတာပေါ့” လို့ KNLA တပ်မဟာ(၁) တာဝန်ရှိသူက ပြောပါတယ်။
KNU သထုံခရိုင်မှာ ဘီးလင်း၊ ကျိုက်ထိုဘားအံ၊သထုံမြို့နယ်တွေ နဲ့ ဆက်စပ်ဒေသတွေပါဝင်ပြီး စစ်ကောင်စီတပ်ယာဉ်တွေ၊ တပ်စခန်းတွေကို KNLA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေ ပူးပေါင်းပြီး ပြောက်ကျားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
အခု စစ်ကောင်စီတပ်က ထိုးစစ်ဆင်ဖို့ ပြင်လာတာဖြစ်လို့ တိုက်ပွဲတွေပြင်းထန်နိုင်ပြီး ပြည်သူတွေသတိထား ကြဖို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူက ပြောပါတယ်။
“သူတို့ စစ်ကြောင်းထိုးလာရင် ကျနော်တို့ဘက်က ခုခံတဲ့အနေနဲ့ PDF နဲ့ KNLA တာဝန်ရှိတဲ့ တပ်ရင်းတွေကလည်း ခုခံဖို့ ကို သူတို့ကပြင်ဆင်ထားပြီးသားရှိမယ်လေ။သူတို့ သွားဖို့လာဖို့ ရှောင်ဖို့ တိမ်းဖို့ ဒါမှမဟုတ် တိုက်ဖို့ ခိုက်ဖို့ သူတို့ ပြင်ဆင်ထားပြီးသားဖြစ်မယ်။ အရင်က ခဏခေတ္တထိုးတဲ့သဘောဖြစ်နေတယ်။ အခုဟာကျတော့ ဒါက စစ်ဆင်ရေးတစ်ခုအနေနဲ့ ရက်အကန့်အသတ်က ဘယ်လောက်အထိ ထိုးမလဲတော့မသိဘူး။အဲဒီနယ်မြေကို သူတို့ ရှင်းဖို့ မွှေဖို့ ဆိုတာ အဲဒါကတော့ သေချာတယ်” လို့သူကပြောပါတယ်။
