စစ်သား သုံးဦး သေဆုံး
ဒီဇင်ဘာ ၅၊ The Nation Voice
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံဒေသရှိ စစ်ကောင်စီနယ်စပ်စခန်းကုန်း တိုက်ခိုက်ခံရပြီး စစ်သား သုံးဦး သေဆုံးကာ ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ (၃) ရက်က စစ်ကောင်စီရဲ့နယ်စပ်စခန်းကုန်းကို KNLAရင်း(၂၀၃)၊ ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်း၊ မြိတ်ခရိုင်အမှတ်(၂)တပ်ရင်း၊ Flying Star Force တို့ ပူးပေါင်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင်၊ အမှတ် (၁) တပ်ရင်းက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ စခန်းကနေ RPG (၁) လက်၊ MA1 (၁) လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းယူနိုင်ခဲ့ကာ မွန်းလွဲပိုင်းမှာ KNLA/PDF ပူးပေါင်းအဖွဲ့တွေ ဘေးကင်းစွာဆုတ်ခွါနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ (၄)ရက်၊ မနက် (၁) နာရီခွဲမှာ မြိတ်/ကော့သောင်းခရိုင် အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဟာ လေညာတပ်ရင်းကတဆင့် လေညာ – ရတနာပုံလမ်းအတိုင်း ယာဉ်တန်းတွေ၊ ခြေလျင်စစ်ကြောင်းတွေနဲ့ စစ်ကူ စတင်ဝင်လာခဲ့ကြပြီး မနက်(၇) နာရီခွဲကနေ မွန်းလွဲပိုင်းအထိ လမ်းတလျှောက် အသင့်စောင့်ကြိုနေတဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ လမ်းကင်းအဖွဲ့အသီးသီးက စစ်ကောင်စီတပ်တွေကို မိုင်းခွဲကာ ပစ်ခတ်တိုက်ခိုက်မှုတွေကို လမ်းတလျှောက် နေရာအနှံအပြားမှာ ပြုလုပ်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါသေးတယ်။
