မုံရွာနယ်တောပု(ပျူ)ရွာက ပျူအဖွဲ့ဝင်တွေကို ဒေသခံတပ်တွေက လက်နက်ကြီးအပါအဝင် လျှော့တိုက်ဒုံးအလုံး(၅၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်

ဒီဇင်ဘာ ၆၊The Nation Voice

စစ်ကိုင်းတိုင်း၊မုံရွာနယ် တောပုပျူရွာ အကြမ်းဖက်စကစလက်အောက်ခံ ပျူအုပ်စုကို မနေ့က ဒီဇင်ဘာ(၆)ရက်နေ့မှာ လက်နက်ကြီးတွေနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywa ဆီက သိရပါတယ်။

မနေ့က ည(၁၀)နာရီလောက်မှာ တောပု(ပျူ)ရွာရဲ့အနီးဆုံးတစ်နေရာကနေ (၉၀)မမ လက်လုပ် တာဝေးပစ်လက်နက်ကြီးနဲ့ လျှော့တိုက်ဒုံး အလုံး (၅၀)ကျော်တို့ကို (၂)နာရီကြာအောင်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ ပျူအဖွဲ့ဝင်တွေဘက်ကလည်း (၄၀)မမနဲ့ (၂)ချက်ခန့် ပြန်လည်ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး PDF ရဲဘော်တွေနားမကျရောက်မပေါက်ကွဲခဲ့ပဲ အခြားနေရာကိုသာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ တောပုရွာထဲက ပျူတွေ ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ Area 71PDF Monywa က ပြန်ကြားရေးတာဝန်ခံ Theoက The Nation Voice ကိုပြောပြပါတယ်။

“အထိအခိုက်ကတော့ ရှိနိုင်ပါတယ် (၄၀)မမ (၂)ချက်ပဲ ပြန်ပြစ်နိုင်တာကို ကြည့်ခြင်းအားဖြင့်ပေါ့။ကျန်တဲ့အသေအပျောက်စာရင်းကတော့ အဲ့ဒီရွာက တစ်ရွာလုံးပျူတွေချည်းပဲဆိုတော့ မသိနိုင်သေးဘူး”လို့ သူက ဆိုပါတယ်။

ဒါ့အပြင်တိုက်ပွဲအတွင်းမှာ ဒေသခံတပ်တွေဘက်က လက်လုပ်လက်နက်ကြီးမှာ အနည်းငယ်တိမ်းစောင်းမှုဖြစ်ခဲ့ပြီး ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သူကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ Area 71PDF Monywa နဲ့အတူ Special ဒိတ်ဒိတ်ကြဲ PDF Monywa,Black Dragon Special Task Force,Chaung U Local Defences Force ၊ဗန္ဓုလနှင့် အဖွဲ့သားများ PDF ၊Urban Hunter Force တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Area 71PDF Monywa အဖွဲ့အနေနဲ့ အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရာမှာ နောက်ထပ် လက်နက်တွေထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်း၊ပြည်ပက ပြည်သူတွေအနေနဲ့ ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *