ဒီဇင်ဘာ ၆၊ The Nation Voice
သပိတ်မှောက်လူငယ်တွေကို ကားနဲ့တိုက်ဖမ်းခဲ့တဲ့ အကြမ်းဖက်စစ်တပ်ဟာ မနေ့က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ တနှစ်ပြည့်သပိတ် ပြန်လည်ပြုလုပ်မှာစိုးတဲ့အတွက် အစစ်အဆေးတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုအစစ်အဆေးတွေ များစွာပြုလုပ်ခဲ့တာကြောင့် အဖမ်းခံရတဲ့ ရဲဘော်တွေရဲ့မျက်နှာနဲ့ အဖြစ်အပျက်တွေကို ပြန်လည်မြင်ယောင်ကာ တော်လှန်စိတ် ထပ်မံတောက်လောင်ခဲ့ရတယ်လို့ Yangon Underground Youth Organization YUYO က ပြောပါတယ်။
ဒါ့ကြောင့် အစစ်အဆေးတင်းကျပ်လှတဲ့ ပန်းပင်ကြီးလမ်းမှာ မနေ့က ည (၈) နာရီကျော်ခန့်အချိန်က ကြည့်မြင်တိုင် အင်အားစု KMD 18 နဲ့ UMCD အင်အားစု Yangon Underground Youth Organization YUYO တို့က ဗုံးဖောက်ခွဲကာ စစ်ခွေးမိစ္ဆာကို နားရွက်တံတွေးစွတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီဖောက်ခွဲမှုဟာ ပြည်သူအားလုံးရဲ့ နာကျည်းတော်လှန်စိတ်ကို ထပ်မံအရှိန်မြှင့် နှိုးကြားလာစေရန် ရည်ရွယ်တာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဟာ ပန်းပင်ကြီးလမ်းကို ပိတ်ချစစ်ဆေးခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ ဘေးကင်းရာ ရောက်နေချိန်ဟာ အလွန်ကြာမြင့်ပြီဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
