KNU နယ်မြေမှာ နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်က (၃၀၀)ကျော်သေဆုံးခဲ့

ဒီဇင်ဘာ ၆၊ The Nation Voice

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်ရေးနယ်မြေမှာ နိုဝင်ဘာလအတွင်းတိုက်ပွဲပေါင်း(၂၉၀) ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က (၃၃၃)ဦး သေဆုံးပြီး ဒဏ်ရာရသူ(၂၃၇)ဦး ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့နယ်ခြားစောင့်တပ် (BGF) တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်ပြုလုပ်နေတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နဲ့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားခဲ့တာပါ။

KNU တပ်မဟာ ခုနစ်ခုရှိတဲ့အနက် တပ်မဟာ(၇)ကလွဲပြီး ကျန်တဲ့တပ်မဟာတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တာကို ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

တပ်မဟာ(၁)နယ်မြေမှာ တိုက်ပွဲ (၃၃)ကြိမ်၊တပ်မဟာ(၂)နယ်မြေမှာ တိုက်ပွဲ(၁၇)ကြိမ်၊တပ်မဟာ(၃)နယ်မြေမှာ တိုက်ပွဲအကြိမ်(၃၀)၊တပ်မဟာ(၄)နယ်မြေမှာ တိုက်ပွဲ (၄၁)ကြိမ်၊တပ်မဟာ(၅)နယ်မြေမှာ တိုက်ပွဲ (၁၁၆)ကြိမ်၊ တပ်မဟာ(၆)နယ်မြေမှာ တိုက်ပွဲ (၅၃)ကြိမ်ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေအတွင်း KNLA/KNDO တပ်ဖွဲ့ဝင် (၃၀)ခန့် ကျဆုံးခဲ့ပြီး (၇၀)ခန့် ဒဏ်ရာရခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကား (၂၀)ကျော်ကို ဖျက်ဆီးနိုင်ခဲ့ပြီး ရဲစခန်း (၂)ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။ ဒါ့အပြင် ရဲ (၆)ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

KNU တပ်မဟာ(၁)နယ်မြေမှာ BGF တပ်သားတစ်ဦး လက်နက်အပြည့် အစုံနဲ့ အလင်းဝင်လာခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ဒေသခံ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး ကျေးရွာတွေ နဲ့လုပ်ငန်းခွင်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *