ဒီဇင်ဘာ ၈၊ The Nation Voice
ရန်ကုန်တိုင်း၊မြောက်ဥက္ကလာမြို့နယ် သုံးလမ်းဆုံအနီးက စုပေါင်းစစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG Association (YUA) ဆီက သိရပါတယ်။
ဒီကနေ့မနက်(၉)နာရီကျော်လောက်မှာ သုံးလမ်းဆုံအနီးက စုပေါင်းစစ်ဆေးရေးဂိတ်ကို YUA အဖွဲ့ဝင် God’s Hand Forces (GHF)ရဲ့ တပ်ခွဲ(၆) ဖြစ်တဲ့ Black Fox YGN UG က အဝေးထိန်းမိုင်း(၂)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်အုပ်စုဘက်က ကားတစ်စီးပျက်ဆီးခဲ့ပြီး (၇)ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ယာဉ်ထိန်းရဲ(၁)ဦး သေဆုံးခဲ့တယ်လို့ YUA ရဲ့ပြန်ကြားရေးတာဝန်ခံက The Nation Voice ကိုပြောပါတယ်။
“အဲ့နေရာမှာ ဘယ်ညာ ဂိတ်ချပြီး စစ်တာပါ။အချိန်ယူစောင့်ကြည့်ပြီး သေချာမှ လုပ်ဆောင်လိုက်တာ။ဘဲဥ (၁)ကောင်သေ ဘဲဥ(၂)၊စခ(၃) အရပ်ဝတ်နဲ့ ယူနီဖောင်း ရခ(၂)ကောင်ထိ နောက်ဆုံး update အတည်ပြုပြီးစာထုတ်လိုက်တာပါ”လို့ သူက TNV ကိုပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ထောင်ထားတဲ့ အဝေးထိန်းမိုင်း(၂)လုံးအနက် (၁)လုံးသာပေါက်ကွဲခဲ့တာဖြစ်ပြီး ကျန်(၁)လုံးကို စကစဘက်ကရှင်းလင်းလိုက်တယ်လို့ သူကဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဟာ မတရားသဖြင့် သေဒဏ်ချမှတ်ခံရတဲ့ ရဟန်းရှင်၊လူများနဲ့ ကျောင်းသားတွေအတွက်ရည်ရွယ်ပြီး လက်စားခြေတိုက်ခိုက်တဲ့ ” အသက်လျော်ကြေး စစ်ဆင်ရေး “ဖြစ်ပြီး ပြောက်ကျားရဲဘော်တွေဘေးကင်းခဲ့တယ်လို့ သိရပါတယ်။
“ရန်ကုန်မှာ ကျနော်တို့ဆက်ရှိမယ် အာဏာရှင်စနစ် မကျဆုံးသ၍ပေါ့။ ရန်ကုန်က ကျနော်တို့ရန်ကုန်ပါ”လို့လည်း သူကပြောပါသေးတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သတ်တဲ့ ဒေါက်တိုင် ၊လုပ်ငန်းဌာနတွေ စစ်ကောင်စီရဲ့ အထိုင်ကင်း၊လှည့်ကင်းတွေနဲ့ ဝေးရာကနေ ရှောင်ရှားသွားလာကြဖို့ကိုလည်း အသိပေးထားပါသေးတယ်။
ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။
#thenationvoicemyanmar#ug#yua#မြောက်ဥက္ကလာ#ရန်ကုန်
