ဒီဇင်ဘာ ၈၊ The Nation Voice
မန္တလေးတိုင်း၊မြင်းခြံနယ် ဗလုံကျေးရွာမှာ နိုဝင်ဘာ(၃၀)ရက်နေ့က အကြမ်းဖက်စကစခန့် အုပ်ချုပ်ရေးမှူးဆီကနေရဲတပ်ဖွဲ့အသွင်ယူကာ သေနတ်(၄)လက်သိမ်းဆည်းရမိခဲ့ကြောင်း Natogyi Regional Defence Force – NRDF ဆီက သိရပါတယ်။
နိုဝင်ဘာ(၃၀)ရက် နေ့လည်(၁၂)နာရီလောက်က ဗလုံကျေးရွာက အကြမ်းဖက်စကစခန့် အုပ်ချုပ်ရေးမှူး အမည်ခံ ပျူစောထီး ကျော်ဆွေဆိုသူဆီကို NRDF ရဲ့ ရဲဘော်(၈)ဦးက ရဲတပ်ဖွဲ့အသွင်ယူကာသွားရောက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီနောက်မှာ အုပ်ချုပ်ရေးမှူး ကျော်ဆွေက NRDF ကရဲဘော်တွေကို မေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့ NRDF ကတာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။
“မေးတာပေါ့ ခရိုင် ရဲတပ်ဖွဲ့ကပါလို့ ပြောလိုက်တယ်။(၈)ယောက် ရဲတပ်ဖွဲ့ အသွင်ယူခဲ့တာ”လို့ သူက TNV ကိုပြောပြပါတယ်။
အဲ့ဒီနောက်မှာတော့ အုပ်ချုပ်ရေးမှူး ကျော်ဆွေက NDRF ရဲဘော်တွေကို တုန်တုန်ယင်ယင်နဲ့ လက်နက်တွေကို အသာတကြည် ထုတ်ပေးခဲ့ပြီး NRDF က ရရှိခဲ့တဲ့လက်နက်တွေထဲမှာ MA-3 မောင်းပြန် (၁)လက်၊ကာဗိုင် သေနတ် (၃)လက် နဲ့ကျည် အချို့တို့ ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီနောက် အကြမ်းဖက် စစ်ကောင်စီဘက်က အုပ်ချုပ်ရေးမှူး ကျော်ဆွေကိုမြင်းခြံ စစ်ကြောရေးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခုချိန်ထိလည်း စစ်ကြောရေးထဲမှာ ရှိနေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။
“ကျော်ဆွေသည် ယခုအခါ စစ်ကြောရေး၌ လက်နက် ပျောက်ဆုံးမှုဖြင့် အရိုက်နှက်ခံ အစစ်ဆေးခံနေရပြီဖြစ်သည်။အနည်းဆုံး ထောင်ဒဏ် (၄၀)နှစ်မှ (၅၀)နှစ်အထိ ကျခံနိုင်ချေရှိသည်”လို့ NDRF က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် NRDFကရဲဘော်တွေ ဘေးကင်းခဲ့ကြောင်းနဲ့ ဗလုံကျေးရွာမှာ နောက်ထက် အုပ်ချုပ်ရေးမှူး အသစ် ထပ်မံ ရွေးချယ်မှာဖြစ်ကြောင်း ခိုင်လုံတဲ့သတင်းအရသိရတယ်လို့လည်း အသိပေးထားပါတယ်။
