ဒီဇင်ဘာ ၉၊ The Nation Voice
ကယား(ကရင်နီ)ပြည်၊ဒီးမော့ဆိုနယ်အတွင်းက ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)ရဲ့ လှုပ်ရှားနယ်မြေဖြစ်တဲ့ ကုန်းသာကျေးရွာမှာ ဒီဇင်ဘာ(၆)ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒီကနေ့မှာသတင်းထုတ်ပြန်လာပါတယ်။
ဒီဇင်ဘာ(၆)ရက် ည(၁၁)နာရီကျော်လောက်မှာ အကြမ်းဖက်စကစဘက်က ကုန်းသာကျွေးရွာကို စစ်ကြောင်း(၃) ကြောင်းနဲ့ စစ်ကြောင်းထိုးလာပြီး KRU/KGZ ပူးပေါင်းတပ်တွေနဲ့ (၁)ရက်တာတိုက်ပွဲ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က KRU ထောင်ထားတဲ့ မိုင်းတွေကိုနင်းမိပြီး(၄)ဦးအထိသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့သလို ဒေသခံပူးပေါင်းတပ်တွေရဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၁)ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“အဆိုပါ တိုက်ပွဲ အတွင်း မိမိတို့ ဘက်မှ ရဲဘော် (၅)ဦး ပျောက်ဆုံး ခဲ့၍ ပြန်လည် ရှာဖွေရာတွင် ဒဏ်ရာရ ရဲဘော်(၄)ဦး ပြန်ခေါ်နိုင်ခဲ့ပြီး ကျန်(၁)ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး လက်ရှိချိန်ထိ ရှာဖွေ မူများ လုပ်ဆောင်နေကြောင်း ပြောကြားလိုပါသည်”လို့ KRUက ထုတ်ပြန်ပြောဆိုထားပါတယ်။
တိုက်ပွဲအတွင်းမှာ လက်နက်အင်အားမျှတမှုမရှိကြောင့် နောက်ကိုအနည်းငယ်ပြန်ဆုတ်ထားခဲ့ရကြောင်းနဲ့ တိုက်ပွဲတွေပို မိုပြင်းထန်လာနိုင်တာကြောင့် ကျည်၊ခဲယမ်းတွေ အမြန်ဆုံး ကူညီပေးကြပါဖို့ KRU က အသိပေးထားပါတယ်။
ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)ဟာ ဒီဇင်ဘာ(၂)ရက်နေ့က လှုပ်ရှားစစ်မျက်နှာ ဖြစ်တဲ့ ဒီမော့ဆို၊ကုန်းသာကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ကြေညာပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်ဘက်ကလည်း နယ်မြေပြန်လည်ရရှိရေးအတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေပါတယ်။

