ဒီဇင်ဘာ ၉၊ The Nation Voice
ဥရောပပါလီမန်က အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို တရားဝင်ကိုယ်စားလှယ်အဖြစ် ကြိုဆိုကြောင်း မနေ့ညက သတင်းထုတ်ပြန်ထားပါတယ်။
NUG အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဥရောပပါလီမန်မှာ မြန်မာ့အရေး ဆွေးနွေးဖို့ ရောက်ရှိနေပြီး NUG အစိုးရနဲ့ မြန်မာပြည်သူလူထုကိုယ်စားလှယ်အဖြစ် ရောက်ရှိလာတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို ကြိုဆိုကြောင်း ဥရောပပါလီမန်က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တရားဝင် သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
“ မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရဝန်ကြီး ဦးအောင်မောင်မင်ကို ဥရောပပါလီမန်မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ ဦးအောင်မျိုးမင်းသည် မြန်မာနိုင်ငံသားများ၏ ဒီမိုကရေစီတောင်းဆိုမှုများ၏ တရားဝင် ပြည်သူ့ကိုယ်စားလှယ်ဖြစ်ပါသည် ” ဟု ဥရောပပါလီမန်က ရေးသားထားပါတယ်။
ဥရောပပါလီမန်မှာ “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့အခြေအနေ”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတရပ်ကို ဒီဇင်ဘာ (၉) ရက်မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားပြီး အဲဒီဆွေးနွေးပွဲကို NUG အစိုးရရဲ့လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို ပါဝင်ဆွေနွေးဖို့ ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ထိရောက်တဲ့နိုင်ငံရေးလမ်းညွှန်မြေပုံတစ်ရပ် ရေးဆွဲသွားဖို့ ရည်ရွယ်ကျင်းပတာလည်းဖြစ်ပါတယ်။

