နမ့်ဆန် တိုက်ပွဲ (၅)ရက်မြောက်နေ့မှာ စစ်ကောင်စီက လေယာဉ် ရဟတ်ယာဉ်နဲ့ ပစ်ကူပေးတိုက်ခိုက်၊ လေကြောင်းက အင်အားဖြည့်တင်း

ဒီဇင်ဘာ ၁၂၊ The Nation Voice

တအာင်းတပ်မတော်(TNLA) တပ်မဟာ(၂) စစ်ဒေသ နမ့်ဆန်မြို့နယ် ကုန်းသာရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ပစ်ကူပေးတာ၊ လေကြောင်းကနေ အင်အားဖြည့်တာတွေ လုပ်ဆောင်လာလို့ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ TNLA က မနေ့ညမှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲ (၅)ရက်မြောက်နေ့ဖြစ်တဲ့ မနေ့က ဒီဇင်ဘာ ၁၁ရက်မှာ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေ သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု (၈)ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါ့အပြင် နမ့်ဆန် နဲ့ မန်တုံမြို့ကို ရဟတ်ယာဉ်နဲ့ (၂)ကြိမ် လူနဲ့ လက်နက်ခဲယမ်းတွေ ထပ်မံ အင်အားဖြည့်တင်းထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာကို နမ့်ဆန်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၇ရက်ကနေ့ မနေ့ညအထိ (၅)ရက်ဆက် နေ့ည တိုက်ပွဲဖြစ်နေကာ တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ကြောင်း TNLA သတင်းနဲ့ ပြန်ကြားရေးဌာန ဌာနမှူး ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောပါတယ်။

မြေပြင်က အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးလို့ အကျအဆုံးအရေအတွက်ကို မသိရဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ၅ရက်ဆက် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ဒေသတွင်း ကျေးရွာတွေဖြစ်တဲ့ ကုန်းသာ၊ ဟူမန်း၊ မန်လုံး၊ တာလ စတဲ့ကျေးရွာတွေက ဒေသခံ (၁၅၀၀)လောက် နမ့်ဆန်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်တာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေပျက်စီးမှု ရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *