ဒီဇင်ဘာ ၁၃၊ The Nation Voice
တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးက အကြမ်းဖက်စစ်တပ်ရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ(၁၁)ရက်နေ့က စီးနင်းသိမ်းပိုက်တိုက်ခိုက်ဖို့လုပ်ခဲ့ပေမဲ့ ပြည်သူတစ်ဦးဆီကနေ စကစဆီ သတင်းပေါက်ကြားတာကြောင့် လက်နက်ကြီးနဲ့သာပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ Dawei Guerrilla Revolutionary Force-DGRF (ထားဝယ်-ပကဖ)က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီနေ့ နေ့လည်(၁)နာရီကျော်လောက်က မောင်မယ်ရှောင်ကျေးရွာအနီးက ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဝင်ရောက် စီးနင်းသိမ်းပိုက်ဖို့ စီစဉ်ထားတာဖြစ်ပြီး ပစ်ခတ်မှုဧရိယာအတွင်းမှာ အပြစ်မဲ့ခရီးသွားပြည်သူတွေထိခိုက်မှုမရှိစေရေးအတွက် လမ်းပိုင်းတစ်ဖက်တစ်ချက်စီကနေ တားမြစ်ထားခဲ့ပေမဲ့ အဲ့ဒီလမ်းကို ဖြတ်သန်းသွားလာမိတဲ့ ပြည်သူတစ်ဦးဆီကနေ စကစဆီ သတင်းပေါက်ကြားခဲ့တာလို့ ဆိုပါတယ်။
သတင်းပေါက်ကြားသွားတာကြောင့် ဝင်ရောက်စီးနင်းသိမ်းပိုက်မယ့် မူလမစ်ရှင်ကိုဖျက်သိမ်းပြီး 79လက်ပစ်ဗုံးလောင်ချာနဲ့ (၄၀)မမ (၆)လုံးခန့်အသုံးပြုပြီး စစ်ဆေးရေးဂိတ်ထဲကို ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီပစ်ခတ်မှုကြောင့် စစ်ဆေးရေးဂိတ်အတွင်းကအကြမ်းဖက်စကစတပ်သား(၃)ဦးသေဆုံးကြောင်း အတည်ပြုသိရှိရပြီး (၅)ဦးနဲ့အထက် ဒါဏ်ရာရရှိကြောင်း စုံစမ်းသိရှိရတယ်လို့ ထားဝယ်-ပကဖက အသိပေးထားပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ စကစတပ်သားတွေဘက်ကအနီးနားပတ်ဝန်းကျင်ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ ထားဝယ်-ပကဖ၊ Kawthoolei Army (ကော်သူးလေ အာမီ) ၊ သံမဏိပြောက်ကျားတပ်ဖွဲ့ နဲ့ KCL Force တို့ဘက်က ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – ကော်သူးလေ အာမီမှရဲဘော်များ
#thenationvoicemyanmar#pdf#ထားဝယ်#တနင်္သာရီ
