ဒီဇင်ဘာ ၁၃၊ The Nation Voice
မကွေးတိုင်း၊ရေစကြိုနယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရတဲ့ ပြည်သူတစ်ဦးကို ဒေသခံတပ်တွေက ဒီဇင်ဘာ(၁၁)ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့-တပ်ခွဲ ၁ က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ(၁၁)ရက် မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုဟာ ပခန်းကြီးကျေးရွာအနောက်ဘက်က ခရီးသွားပြည်သူတွေကို နှောက်ယှက်ခဲ့ပြီး ပြည်သူတစ်ဦးကိုဖမ်းဆီးကာ မြေခဲတောင်ရွာဘက်ကို ထွက်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။
ပြည်သူတစ်ဦးကိုဖမ်းဆီးခံထားရကြောင်း သတင်းရတာကြောင့် ဒေသခံတပ်တွေဖြစ်တဲ့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့-တပ်ခွဲ ၁ ၊ Urban Undergground Force ၊ 27 Revolution Force တို့က ပြန်လည်ကယ်ထုတ်နိုင်ဖို့ မနက်(၁၀)နာရီခန့်မှာ မြေခဲတောင်ရွာဘက်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ဒေသခံတပ်တွေဘက်က ဖမ်းဆီးခံထားရတဲ့ ပြည်သူတစ်ဦးကိုကယ်ထုတ်နိုင်ခဲ့ပြီး စကစဘက်က လက်နက်အင်အားသာလွန်တာကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ထိခိုက်မှုအသေးစိတ်အခြေအနေကို မသိရှိရသေးပဲ ဒေသခံတပ်တွေဘက်ကအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါလာနိုင်ခဲ့တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့-တပ်ခွဲ ၁က အသိပေးထားပါတယ်။


