ဒီဇင်ဘာ၁၃၊ The Nation Voice
ပဲခူးတိုင်းအနောက်ခြမ်း၊ပေါင်းတည်မြို့မှာ ကတ္တီပါဖိနပ်၊ကွင်းထိုးဖိနပ်စီးသူ၊ဂျင်းဘောင်းဘီ၀တ်သူတွေနဲ့ ဘဲလ်မပါတဲ့စက်ဘီး တွေကို စစ်တပ်နဲ့ရဲက လိုက်ဖမ်းပြီး ဒဏ်ငွေရိုက်နေတယ်လို့ သိရပါတယ်။
“စက်ဘီးဘဲလ်မပါရင်(၈၀၀၀)၊ဖုန်သုတ်တဲ့ဘဲမှီးမပါလည်းဖမ်းတယ်၊စက်ဘီးနောက်ကျောက်မီး ၊ဘရိတ်၊ဒေါက်မပါလည်းဖမ်းတယ်၊ကတ္တီပါဖိနပ်ဆို(၃၀၀၀)၊ကွင်းထိုးဆို (၃၀၀၀) ၊ဂျင်းဘောင်းဘီ၀တ်ရင်(၃၀၀၀) သူတို့ကိုပေးရတယ်၊မပေးရင်ထောင်ချမယ်ပြောတယ်” လို့ပေါင်းတည်မြို့ ဒေသခံတစ်ဦးကThe Nation Voice ကိုပြောပါတယ်။
ပေါင်းတည်မြို့နယ်အတွင်း မနေ့ကစပြီးစစ်တပ်နဲ့ရဲပေါင်းကာ လူငယ်တွေကိုအဓိကထားပြီးစစ်ဆေးတာ၊ကင်းလှည့်တာတွေ လုပ်နေတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
“ကြေငြာပြီးဖမ်းတာလည်းမဟုတ်ဘူး၊လမ်းထိပ်တွေမှာမထင်ရင်မထင်သလို ဖမ်းတာ၊ ခုမနက် Light Truck နှစ်စီး ပေါ်မှာသူတို့ဖမ်းလာတဲ့လိုင်စင်မပါတဲ့ဆိုင်ကယ်တွေ ဆိုချတောင် မချရသေးဘူး”လို့ သူကဆက်ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်းပေါင်းတည် မြို့နယ်ရဲစခန်းအတွင်း အဖမ်းခံရသူအများအပြားရှိနေပြီးခုလိုလုပ်နေတာဟာ ဒီဇင်ဘာ၉ရက်နေ့က စစ်ကောင်စီတပ်ရဲ့ဒုတပ်ကြပ်တစ်ဦး ကိုPPDF ကကြိုးတုပ်ပြီးဖမ်းလို့ညစ်နေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။
