စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်လို့ နမ့်ဆန် ကုန်းသာရွာ တစ်ရွာလုံး ထိခိုက်ပျက်စီး၊ မြေပြင်တိုက်ပွဲငြိမ်နေ

ဒီဇင်ဘာ ၁၃၊ The Nation Voice

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် နမ့်ဆန်မြို့နယ် ကုန်းသာရွာတစ်ရွာလုံးရှိနေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်ပါတယ်။

အဲဒီဒေသကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၇ရက်မှာ လေကြောင်းကနေ စစ်အင်အားတွေချပြီး ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ (၅)ရက်ဆက် ဖြစ်ခဲ့ကာ မနေ့ကစပြီး မြေပြင်တိုက်ပွဲတွေ ရပ်သွားတယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောပါတယ်။

“တိုက်ပွဲ နှစ်ဖက်ပစ်ခတ်မှုက ငြိမ်နေသေးတယ်” လို့ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဒီကနေ့ ဒီဇင်ဘာ ၁၃ရက်မနက်မှာ ပြောပါတယ်။ မနေ့ကတော့ မြေပြင်တိုက်ပွဲ ငြိမ်ပေမယ့် လေကြောင်းကနေကင်းထောက်တာ၊တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်တဲ့နေရာက ကုန်းသာရွာမှာ အိမ်လေးလုံး မီးလောင်ပြာကျပြီး တစ်ရွာလုံး လက်နက်ကြီးနဲ့ ဗုံးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။

“လူနေအိမ် (၄)အိမ်ကို သူတို့ (စစ်ကောင်စီတပ်)တွေက မီးရှို့လိုက်လို့ မီးလောင်ပြာကျသွားတယ်။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း အပါအဝင် အိမ်ခြေ ၅၀ ကျော်ဝန်းကျင်ကိုလည်း သူတို့ သေနတ်တွေနဲ့ ပစ်တယ်။ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်။ ပြီးတော့ လက်နက်ကြီးလည်း ထိတယ်။ မီးမလောင်ပေမယ့် အကုန်ထိခိုက်ပျက်စီးကုန်ပြီ” လို့ ကုန်းသာရွာခံ တစ်ဦးရဲ့ ပြောပြချက်ကို TNLA သတင်းပြန်ကြားရေးဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။

ကုန်းသာရွာအနီးက ဟူးမန်းရွာနဲ့ ပန်းအလောင်ရွာကိုလည်း စစ်ကောင်စီတပ် စစ်ကြောင်းတွေက ဝင်ရောက်မွှေနှောက်ကာ ငွေနဲ့ ရွှေထည် ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြတယ်လို့ ဆိုပါတယ်။

TNLA တပ်ဖွဲ့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လို့ ဒေသတွင်း ကျေးရွာတွေက ပြည်သူလူထု ထောင်နဲ့ချီ စစ်ရှောင်နေကြရတယ်လို့ TNLA က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *