ဒီဇင်ဘာ ၁၅၊ The Nation Voice
စစ်ကောင်စီတပ်ရဲ့အင်အားနဲ့ စွမ်းရည် နှစ်ခုစလုံးချိနဲ့နေပြီဖြစ်ကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ပြောကြားလိုက်ပါတယ်။
RFA သတင်းဌာနရဲ့ မေးမြန်းချက်အပေါ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုစစ်ဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဖြစ်သူ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အခုလို ပြောကြားခဲ့တာပါ။
“စစ်ကောင်စီတပ်ရဲ့ အင်အားနဲ့ စွမ်းရည်ကတော့ နှစ်ခုစလုံးချိနဲ့နေပြီလို့ ကျနော်တို့ ဒီလိုပဲမြင်တယ်။ နောက်ထပ် အင်အားတိုးလာစရာလည်းမရှိတော့ဘူး။ ရှိပြီးသား အင်အားတွေကလည်း ချိနဲ့နေပြီ။ စိတ်ဓာတ်ရေးရာအရရော လုပ်ဆောင်ချက်တွေရောအကုန်လုံးချိနဲ့နေပြီလို့ မြင်တယ်။ ရေရှည်ခံဖို့ဆိုတာ သူတို့ သူတို့အတွက် မျှော်လင့်ချက် မရှိသလောက်ဖြစ်သွားပါပြီ” လို့ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာလည်း ကြိုးမညှိဘဲ ဂစ်တာတီးနေပုံရတယ်လို့ ဥပမာပေးပြီး သက်သက်ညှာညှာ ဝေဖန်လိုကြောင်း သူက ပြောကြားခဲ့ပါတယ်။
KIO အပါအဝင် ကချင်တစ်မျိုးသားလုံးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တို့နဲ့ ယုံကြည်မှု အားကောင်းစွာ ၊နားလည်မှုအပြည့်နဲ့ ပူးပေါင်းဆောင်ရွက်နေသလို စစ်ရေးပူးပေါင်းဆောင်ရွက်မှု လည်း ရှိကြောင်းသူက အသိပေးပါတယ်။
“စစ်ရေးမှာကတော့ KIA က NUG ရဲ့ MOD နဲ့ ကျနော်တို့က C3C လို့ခေါ်တဲ့ အစုအဖွဲ့မှာ ကျနော်တို့က အစစအရာရာ တိုင်ပင်ပြီးတော့ စစ်အာဏာရှင်စနစ်ကိုဘယ်လိုချုပ်ငြိမ်းအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့အပိုင်းကို စဉ်ဆက်မပြတ် ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။အဲဒီတော့ တကယ် ပူးပေါင်းဆောင်ရွက်မှုတွေမှာ ကျေနပ်တယ်။ ပြီးလို့ရှိရင် စဉ်ဆက်မပြတ် ကျနော်တို့ ကြိုးစားနေတယ်လို့ သတင်းစကားပါးချင်ပါတယ်” လို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။
PDF တပ်ဖွဲ့ဝင် (၄)ထောင်ကျော်ကို KIA က တိုက်ရိုက် အခြေခံစစ်သင်တန်းပေးခဲ့သလိုအခုမှာလည်း ဆင့်ပွားသင်တန်းတွေ၊ မွမ်းမံသင်တန်းတွေ၊ အထူးလေ့ကျင့်ပေးရတဲ့ သင်တန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အသိပေးပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်လာမှုအပါအဝင် စစ်ရေးအတွက် ပြင်ဆင်မှုတွေလုပ်ထားကြောင်းလည်း သူက ပြောပါတယ်။
“ပြင်းပြင်းထန်ထန်တိုက်လို့ရှိရင် ပြင်းပြင်းထန်ထန် ခုခံကာကွယ်မယ်ဆိုတဲ့အနေအထားကို ရောက်သွား မှာဖြစ်ပါတယ်။ပြီးလို့ရှိရင် ဘက်တစ်ဖက်က ပြင်းပြင်းထန်ထန်လုပ်ရင် ပြန်ပြီး တုံ့ပြန်မှုကလည်း ပြင်းပြင်းထန်ထန်ဖြစ်မှာပါ။ ဒါကျနော်တို့ကတော့ အစီအစဉ်တွေစဉ်းစားထားတာ ရှိသလို စိတ်ဓာတ်ရေးအရလည်း ပြင်ဆင်မှု အပြည့်ရှိတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်” လို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။
