ဒီဇင်ဘာ ၁၉၊ The Nation Voice
မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ စစ်အုပ်စုအတွက် ထောက်ပို့လုပ်ဆောင်နေတဲ့ကားတစ်စီးကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ကျည်ဆံတွေ ရာနဲ့ချီပြီး သိမ်းဆည်းရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ)က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ(၁၆)ရက်က မတ္တရာနယ် အရှေ့ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဥ်ငယ် တစ်စီးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့- မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ)က ကြားဖြတ် ဖမ်းဆီးပြီး ယာဥ်ငယ်ပေါ်ပါ ရိက္ခာနဲ့ ခဲယမ်းအချို့ကို သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးတွေ့ရှိချက်အရ ယာဥ်ငယ်မှာ ပြည်သူတစ်ဦးရဲ့ ကိုယ်ပိုင်ယာဥ်ဖြစ်နေခြင်း၊ ယာဥ်မောင်းမှာလည်း သာမန် အရပ်သားပြည်သူ ဖြစ်နေခြင်းကြောင့် ယာဥ်ငယ်နဲ့ ယာဥ်မောင်းဖြစ်သူတို့ကို ကောင်းမွန်စွာ ပြန်လည် လွတ်ပေးလိုက်ပါတယ် လို့ မတ္တ ပကဖ က ဖော်ပြပါထားပါတယ်။
အဲဒီယာဉ်ပေါ်မှာ ပါလာတဲ့(5.56)ကျည်ဆံ (၂၅၅)တောင့်၊ (7.62×45) စက်ကလေးကျည်ဆံ ( ၃၁၅)တောင့်၊ (၉မမ)ကျည်ဆံ (၅၀)တောင့်၊ RPG-2 အဖူး တစ်လုံး၊ RPGပို့ယမ်း တစ်ခု၊ (၉မမ) ကျည်ဘောက် သုံးခု၊ ကင်မရာ တစ်လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ကိုးလုံး၊ power bank နှစ်လုံး၊ ဓားတို/ရှည် သုံးချောင်း သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
“ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ) အနေဖြင့် နွေဦးတော်လှန်ရေး အဆုံးတိုင် အောင်မြင်မှု ရရှိစေရန် အစွမ်းကုန် ကြိုးစား တိုက်ပွဲဝင်လျှက်ရှိပြီး အကြမ်းဖက် စကစ ဒေါက်တိုင်များ၊ အကြမ်းဖက် စကစ စခန်းများ၊ အကြမ်းဖက် စကစ တပ်ဖွဲ့ဝင်များကို အဓိက ပစ်မှတ်ထား ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ပြီး ယင်းသို့ တိုက်ခိုက်ရာတွင် အများပြည်သူတို့၏ လုံခြုံရေးနှင့် အသက်အိုးအိမ်များကို ထိခိုက်မှု မရှိအောင် သတိထား ဆောင်ရွက်သွားမည် ဖြစ်ပါသည်” လို့ မတ္တရာ ပကဖ က ရေးသားဖော်ပြထားပါတယ်။
#မတ္တရာ#စစ်အုပ်စု#ထောက်ပို့ယာဉ်
