ဒီဇင်ဘာ ၁၉၊ The Nation Voice
ရန်ကုန်မြို့၊ ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေတဲ့ ချယ်ရီကူးတို့ သင်္ဘောပေါ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး သူတို့လုပ်ဆောင်တာမဟုတ်ဘူးလို့ ဒလ-PDFနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက အသိပေးကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘောပေါ်မှာ အားပြင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ခရီးသွားပြည်သူ (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကာ သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။
လက်ရှိအချိန်ထိ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာကို ကြေညာချက်ထုတ်ပြန်လာတာမရှိသေးသလို ပြည်သူတွေအကြားမှာလည်း အဆိုပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အင်းစိန်ထောင်ပေါက်ကွဲမှုလို မဖြစ်သင့်ကြောင်း ဝေဖန်ပြောဆိုလျှက်ရှိပါတယ်။ ဒလ -PDFနဲ့ မဟာမိတ် အင်အားစုတွေက သူတို့မသက်ဆိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး လတ်တလောမှာ စစ်အုပ်စုနဲ့ ဒလန်တွေက PDF အယောင်ဆောင်ကာ ထိခိုက်စေနိုင်တဲ့ နေရာတွေမှာ ဖောက်ခွဲမှုတွေ ပြုလုပ်လျှက်ရှိတာကို တွေ့နေရတယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
စစ်အုပ်စုနဲ့ ပတ်သက်တဲ့ နေရာတွေမှာသာ ဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူ့ဘက်တော်သားတွေပီပီ ပြည်သူတွေ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်အောင် လုံးဝ လုပ်ဆောင်မှာ မဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။ ဒါ့အပြင် ယခုဖြစ်စဉ်ကို လုပ်ဆောင်ခဲ့သူတွေအပေါ် အပြင်းအထန် ရှုတ်ချပြီး လုပ်ရပ်အတွက် တာဝန်ခံရမယ်လို့ သတိပေးထားပါတယ်။ #thenationvoicemyanmar #ပန်းဆိုးတန်း #ကူးတို့သင်္ဘော #ဗုံးပေါက်ကွဲ



