ဒီဇင်ဘာ ၁၉၊ The Nation Voice
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု ဆော်တောကျေးရွာအနီးမှာ ဒိုင်နာအမျိုးအစား(၆)ဘီးကားတစ်စီးပေါ်ကနေ လက်နက်(၄၉၉)လက်ဖမ်းမိခဲ့ပေမဲ့ PDF တွေလွတ်မြောက်သွားကြောင်း စကစထုတ်ပြန်တဲ့စာကို စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
ဒီဇင်ဘာ(၁၇)ရက်နေ့ မနက်(၉)နာရီလောက်က ပင်လုံမြို့ဘက်ကနေ ရပ်စောက်မြို့နယ်၊ပင်ဖြစ်ကျေးရွာဘက်ကို မောင်းနှင်လာတဲ့ ဒိုင်နာ(၆)ဘီးပါကားကို မိုင်းပျဥ်းကျေးရွာအနီးမှာ ပြည်သူတွေရဲ့ သတင်းပေးချက်အရ တားဆီးစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။ ကားမှာ ရပ်တန့်ပေးခြင်းမရှိ မောင်းနှင်းထွက်ပြေးတာကြောင့် စကစတပ်သားတွေက လိုက်လံဖမ်းဆီးရာမှာ ကားကို ဖမ်းဆီးထိန်းသိမ်းရမိပြီး PDF တွေလွတ်မြောက်သွားတာလို့ စကစရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဖမ်းဆီးရမိတဲ့ကားထဲမှာ Type-81 အမျိုးအစားလက်နက် (၄၉၉)လက်၊ကျည်အိမ်(၄၉၈)ခုအပါအဝင်အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုထားတာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ Type-81အမျိုးအစားလက်နက်တွေဟာ KIA နဲ့ UWSA ကထုတ်တဲ့ လက်နက်တွေဖြစ်တယ်လို့လည်း စစ်တပ်ဝါဒဖြန့် မီဒီယာတွေက ပြောဆိုနေကြပါတယ်။
#thenationvoicemyanmar#pdf#kia#uwsa#ဟိုပုံ#ရပ်စောက်#ပင်လုံ


