ဒီဇင်ဘာ ၁၉၊ The Nation Voice
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ Indaw Revolution က အသိပေးထားပါတယ်။
စစ်ကောင်စီတပ်ဟာ အင်းတော်မြို့နယ်ကို ဒီဇင်ဘာ ၁၄ရက်က စတင်ဝင်ရောက်ကာ ရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အင်းတော်မြို့နယ် ညောင်ကုန်း၊ဂျုံးဂျုံးကျနဲ့ ပိန်းအင်းရွာ အနီးမှာ ဒီဇင်ဘာ ၁၆ရက်ကနေ ၁၈ရက်နေ့အတွင်း တိုက်ပွဲ တွေ သုံးရက်ဆက် ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)နဲ့ အင်းတော် PDF တို့ ပူးပေါင်းခုခံလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ တိုက်ပွဲ ၃ရက်တာအတွင်း စစ်ကောင်စီတပ်ဘက်က(၄၀)ကျော် ထိခိုက်သေဆုံးရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တစ်ဦး ရင်ဘတ်ထိမှန်ဒဏ်ရာရခဲ့လို့ ဆေးကုသမှု ခံယူနေတယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီတပ်က ဂျုံးဂျုံးဂျရွာသစ်က နေအိမ်(၆)လုံးနဲ့ စားသောက်ဆိုင်(၂)ဆိုင်၊ ဂျုံးဂျုံးကျ ရွာမကနေအိမ်(၁၁)လုံး၊ မအူကုန်းရွာမှ နေအိမ်အလုံး(၂၀)နဲ့ ပိန်းအင်းရွာက နေအိမ်(၁)လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ် ဝင်ရောက်လာလို့ ဒေသတွင်းက ရွာ (၁၂)ရွာက ပြည်သူ (၅၀၀၀)ကျော် စစ်ရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။
ရှေ့ဆက် တိုက်ပွဲတွေ ပြင်းထန်လာနိုင်လို့ ပြည်သူတွေ အစစ ဂရုစိုက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ပုံစာ – စစ်ကောင်တပ်မီးရှို့ခဲ့သည့်နေအိမ်များ
#thenationvoicemyanmar#kia#kpdf#pdf#ir#အင်းတော်#စစ်ကိုင်း




