ဒီဇင်ဘာ ၂၀၊ The Nation Voice
စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ညောင်ငုပ်တိုရွာ စစ်ကောင်စီတပ်စွဲရာ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက စီးနင်းတိုက်ခိုက်ခဲ့ကြတယ်လို့ စစ်ကိုင်းမြို့ သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ (၁၉) ရက်၊ မနက် (၄) နာရီကျော်အချိန် ဆားတောင်မြို့ ညောင်ငုပ်တိုရွာ စစ်ကောင်စီ ပျူစောထီးစခန်းကို စစ်ကိုင်းခရိုင် တပ်ရင်း (၂)၊ စစ်ကိုင်းခရိုင် တပ်ရင်း (၃)၊ စစ်ကိုင်းမြို့နယ် ပ.က.ဖ ၊ နယ်မြေခံ LPDF/ PDFတွေ ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစုက စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီဘက်က အထိနာခဲ့တာကြောင့် လေကြောင်းပစ်ကူ Mi 35 စစ်ရဟတ်ယာဉ် ရောက်ရှိလာပြီးလှည့်ပတ်ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ရာနေရာကနေ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစု ဆုတ်ခွာခဲ့ကြပါတယ်။
ညောင်ငုတ်တို စစ်ကောင်စီ ပျူစောထီး စခန်း တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တစ်ဦးကျဆုံး၊ တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီဘက်က (၁၁) ဦး သေဆုံးတယ်လို့ သိရပြီး ဒဏ်ရာရရှိသူများပြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းရှေ့ ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေတဲ့ ကားများကို အဖွဲ့လိုက် လုယက် ငွေတောင်းခံနေတဲ့ စစ်ကောင်စီ စစ်သား (၁၀)ဦးခန့်အား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ၄၀ မမ ငါးလုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီလို ပစ်ခတ်ခံရပြီးနောက် ထိခိုက်ဒဏ်ရာရပြီးသေဆုံးသူတွေကို လူနာတင်ယာဉ်တွေနဲ့ စစ်ကိုင်းဘက်ကိုသယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
#စစ်ကိုင်း#ဆားတောင်#ပျူစောထီးစခန်း
