ဖာပွန်ခရိုင်က ရွာတွေကို စစ်ကောင်စီတပ် (၂)ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း KNU တပ်မဟာ(၅) ထုတ်ပြန်

ဒီဇင်ဘာ ၂၀၊ The Nation Voice

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် မဲဝိုင်ဒေသကို စစ်ကောင်စီတပ်က (၂)ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။

မဲဝိုင်ဒေသက ကျေးရွာတွေကို ဒီဇင်ဘာ ၁၈ရက်နဲ့ ၁၉ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆောက်အဦထိခိုက်ပျက်စီးမှုတွေ၊ မီးလောင်တာတွေရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ရက် နံနက် (၈န)ာရီမှာ မဲဝိုင်ဒေသ ခေါဝါးရွာအနီးက လယ်ယာလုပ်ငန်းခွင်ထဲကို တိုက်လေယာဉ်နဲ့ ဗုံး (၂)လုံးကြဲချခဲ့သလို နံနက် (၁၀)နာရီခွဲကျော် အချိန်မှာလည်း ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၈ရက် ညနေပိုင်းကလည်းမဲဝိုင်ဒေသက ရွာတွေကိုပဲ စစ်ကောင်စီတပ်က (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မဲဝိုင်အုပ်စု ဝါသိုးလော်ရွာအတွင်းကို တိုက်လေယာဉ်နဲ့ ဗုံးတွေကြဲချခဲ့ရာ လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး လူနေအိမ် (၁၀)လုံးနဲ့စပါးကျီ (၁)လုံး ဗုံးထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ခလိုခီး ရွာအတွင်းကိုလည်း တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ရကာ နေအိမ်(၄)လုံးနဲ့ စပါးကြိတ်စက် တစ်လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မဲဝိုင်ဒေသအတွင်းကို လေကြောင်းကနေ (၂)ရက်ဆက် ဗုံးကြဲတိုက်ခိုက်လာလို့ ဒေသခံ ရွာသားတွေအနေနဲ့ နေအိမ် ပျက်စီးမှုတွေ ကြုံရကာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

#thenationvoicemyanmar#knu#မဲဝိုင်#ဖာပွန်#လေကြောင်းတိုက်ခိုက်

Leave a Reply

Your email address will not be published. Required fields are marked *