ဒီဇင်ဘာ ၂၁၊ The Nation Voice
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်က ရွာ (၆)ရွာကအိမ်ခြေ(၁၀၀)ကျော်နဲ့စပါးကျီတွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ (၅)ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Indaw Revolution က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၆ရက်က စပြီး ဂျုံးဂျုံးကျရွာသစ်၊ ဂျုံးဂျုံးကျရွာမ၊ မအူကုန်း၊ ပိန်းအင်း၊ စက်တောကုန်းစတဲ့ရွာတွေကို မီးရှို့ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၈ရက်က ပိန်းအင်းရွာအနီးမှာ ပြည်သူ (၄)ဦးကို သတ်ဖြတ်ပြီး ဘုန်းကြီးကျောင်းထဲ မြှုပ်သွားတယ်လို့လည်း Indaw Revolution က ထုတ်ပြန်ထားပါတယ်။
မနေ့က ဒီဇင်ဘာ ၂၀ရက်က စက်တောကုန်းရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပါတယ်။ စက်တောကုန်းရွာက အိမ်ခြေ (၄၁)အိမ် နဲ့ စပါးကျီ(၃၀)မီးလောင် ပျက်စီးခဲ့တာအပါအဝင် (၅)ရက်အတွင်း စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ နေအိမ်(၁၀၀) ကျော်ရှိတယ်လို့ ဆိုပါတယ်။ လတ်တလောမှာ စစ်ကောင်စီတပ်ဟာ အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာကို ရောက်ရှိနေပါတယ်။ နတ်မဟုတ်ကြီးရွာဟာလည်း မကြာသေးမီက စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ ရွာတစ်ရွာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အင်အား (၁၀၀)ကျော်ပါ စစ်ကြောင်းတစ်ခုဟာလည်း အင်းတော်မြို့နယ် ဖားပန့်ရွာနဲ့ ပင်ဝယ်ရွာကြားက တောထဲကို ရောက်ရှိနေတယ်လို့ Indaw Revolution က ထုတ်ပြန်ထားပြီး ပြည်သူတွေ ပြည်သူအချင်းချင်း ဂရုစိုက်ပြီးကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။
အင်းတော်နယ်ထဲကရွာတွေကို မီးရှို့ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ PDF တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့လို့ ပြီးခဲ့တဲ့ရက်တွေက အင်းတော်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။


