ဒီဇင်ဘာ ၂၁၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ (၇၈)ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က (၂၁)ဦးသေဆုံးခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁ရက်ကနေ ၁၅ရက်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး အပါအဝင် (၁၅)ဦးဒဏ်ရာ ရခဲ့သလို စစ်ကောင်စီတပ်စခန်းအတွင်းက အဆောက်အဦ (၇)ဆောင်ကို ဖျက်ဆီးနိုင် ခဲ့တယ်လို့ လည်း ဖော်ပြထားပါတယ်။
တပ်မဟာ(၅)ဘက်ကလည်း ရဲဘော် (၃)ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူ (၁၃)ဦး ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဖာပွန်ခရိုင်ကို လဝက်အတွင်း လေကြောင်း တိုက်ခိုက်မှု (၉)ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ရဟတ်ယာဉ် တိုက်လေယာဉ်တွေနဲ့ လေကြောင်း တိုက်ခိုက်ခဲ့ရာ ဗုံး (၆၄)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အရပ်သားတွေနေထိုင်ရာနဲ့ လုပ်ငန်းခွင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သား တစ်ဦး အသက်ဆုံးရှုံးရပြီး ဒဏ်ရာရသူ တစ်ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူလူထုနေအိမ်တွေထိခိုက်ပျက်စီးတာ၊ မီးလောင်တာတွေလည်း ရှိခဲ့ပါတယ်။
ဒီလို ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြရကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်ပါတယ်။
