ကန့်ဘလူက ရွာတွေကို မီးရှို့တဲ့ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ပြည်သူ (၅)ဦးကိုဖမ်းပြီး (၃)ဦးကို သတ်ဖြတ်

ဒီဇင်ဘာ ၂၃၊ The Nation Voice

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဂါးဘလော်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီနဲ့ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဟာ ဒေသခံ ပြည်သူ (၅)ဦးကို ဖမ်းဆီးသွားပြီး အမျိုးသား(၃)ဦးကို သတ်ဖြတ်သွား ကြောင်း ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၆၈ နဲ့ ပျူစောထီး ပူးပေါင်းတပ်ဟာ ဒီဇင်ဘာ ၁၇ရက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ဂါးဘလော်ရွာကိုဝင်ရောက်ကာ ဘုန်းကြီးကျောင်း၊ကျေးလက်ဆေးပေးခန်းနဲ့ ဒေသခံတွေရဲ့ နေအိမ်(၂၃)လုံးကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

အင်အား (၁၂၀)ခန့်ပါ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းဟာ ဒေသခံ အမျိုးသားသုံးဦးနဲ့အမျိုးသမီးနှစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး အဲဒီ ဖမ်းသွားတဲ့သူတွေထဲက အမျိုးသားတစ်ဦးကို ရက်စက်စွာ ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့သေဆုံးနေတာကို ပြန်တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ကျန်အမျိုးသားနှစ်ဦးကိုမူ မီးရှို့သတ်ဖြတ်ထားတယ်လို့ ခန့်မှန်းရတဲ့ မီးလောင်ပြာကျအရိုးစုနှစ်ခုအဖြစ်သာ ပြန်လည် တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးနှစ်ဦးကိုတော့ အခုအချိန်အထိ ပြန်လည်မတွေ့ရသေးဘူးလို့ အသိပေးထားပါတယ်။

အဲဒီစစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ လွှဲဆိပ်၊ လက်ခုပ်ကုန်းနဲ့ ဘောရွာတို့အား အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်း ဖြစ်တယ်လို့လည်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *