ဒီဇင်ဘာ ၂၃၊ The Nation Voice
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက် ဆီစက်လမ်းရှိ မြို့နယ်စာရင်းစစ်ရုံးကို ဒီနေ့ နေ့လယ် (၁) နာရီ၀န်းကျင်မှာ ဖောက်ခွဲမှုပြုလုပ်ခဲ့တယ်လို့ ရန်ကုန်ပြောက်ကျားဖြစ်တဲ့ Freeland Attack Force (FLA) က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို Freeland Attack Force (FLA) နဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Emerald Girls Army (EGA) နဲ့ Revolution of 21 Century အဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး မဟာမိတ်အဖွဲ့သားတွေအားလုံး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကြောင့် အဲဒီစာရင်းစစ်ရုံးမှာရှိသူတွေ ထိခိုက်မှုရှိနိုင်ပြီး အခြေအနေမသိရသေးတဲ့အတွက် လမ်းသွားလမ်းလာတွေအနေနဲ့ စစ်ကောင်စီတပ်တွေကို ရှောင်ရှားသွားလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။
မိဘပြည်သူတွေအနေဖြင့်လည်း စစ်ကောင်စီတပ်တွေရှိရာ နေရာ ၊ အစိုးရအဆောက်အအုံတွေနဲ့ စစ်တပ် သစ္စာတော်ခံတွေနဲ့ တတ်နိုင်သမျှ ရှောင်ရှားသွားလာကြဖို့ ထပ်မံတိုက်တွန်းထားပါတယ်။
ရန်ကုန်က မြို့ပြပြောက်ကျားတွေအနေနဲ့ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ သူတို့ရဲ့ထောက်တိုင်တွေကို ခပ်စိတ်စိတ် တိုက်ခိုက်လာနိုင်ပြီး မနေ့ကလည်း တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွပ် အရှေ့မြင်းပြိုင်ကွင်းနဲ့ တောင်မြင်းပြိုင်ကွင်းလမ်းထောင့် မြှားပစ်ကွင်းအမှတ် (၆) ဂိတ်ရှေ့က စစ်တပ်ကင်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
