KNU တပ်မဟာ(၅)နယ်မြေမှာ တစ်ရက်အတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်က အနည်းဆုံး ၃ဦးသေဆုံး

ဒီဇင်ဘာ ၂၃၊ The Nation Voice

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေမှာ ဒီဇင်ဘာ ၂၁ရက်က တိုက်ပွဲ (၄)ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ တပ်မဟာ(၅)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင် လူသောမြို့နယ်၊ဘူးသိုမြို့နယ်၊ ဒွယ်လိုးမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်တွေက ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၁ရက် မနက် ၉နာရီခွဲမှာ လူသောမြို့နယ် ထော်မူပလယ်မဲ့ စခန်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က (၃)ဦးသေ၊(၁)ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီနေ့ မနက် ၁၀နာရီ ကျော်အချိန်မှာလည်း လူနာပြန်လည်ပို့ဆောင်နေတဲ့ စစ်ကောင်စီတပ်ကို ဒွယ်လိုးမြို့နယ် အတွင်းရှိ ထီးဂေလော် နဲ့ မြေနီကုန်း အကြားမှာ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။မနက်အစောပိုင်းကလည်း မြေနီကုန်းနဲ့ ကူးဆိပ် အကြားရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်က အထိအခိုက် အခြေအနေကို မသိရသေးပေမယ့် KNLA တပ်မဟာ(၅)ဘက်က ထိခိုက်မှုမရှိဘူးလို့ ဖော်ပြထားပါတယ်။

ညနေပိုင်းမှာ ဘူးသိုမြို့နယ် ကောကော့ထာ့ဒေသက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ KNU တပ်မဟာ(၅)က ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးအခြေအနေကို ဖော်ပြမထားပါဘူး။ အဲဒီ တိုက်ခိုက်မှုမှာ တပ်မဟာ(၅)ဘက်က ထိခိုက်ကျဆုံးမရှိဘူးလို့ အသိပေးထားပါတယ်။

KNU တပ်မဟာ(၅)အနေနဲ့ ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို နေ့တိုင်း ခြုံခိုတိုက်ခိုက်မှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *