ဒီဇင်ဘာ ၂၆၊ The Nation Voice
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ အများအပြား စစ်ဘေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီလိုအပ်လျက်ရှိတယ်လို့ ကော့ကရိတ်မြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁၆ရက်ကစပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာ လေကြောင်း တိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“သူတို့ဘက်က လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ရမ်းသန်းပစ်ခတ်မှုကြောင့် ကျွဲနွားတိရိစ္ဆာန်နဲ့ အိမ်တွေပျက်စီးနေရပါတယ်။ညစဉ်ညတိုင်း လေယာဉ်တွေနဲ့ရော လက်နက်ကြီးတွေနဲ့ရော စကစဘက်က လှမ်းထုနေတာကလည်းဒေသခံ ပြည်သူလူထုအတွက် ဆုံးရှုံးမှုတွေဖြစ်တယ်။ ပြည်သူလူထုအတွက် ကြောက်လန့်မှုတွေဖြစ်တယ်။ စစ်ဘေးရှောင်ပြည်သူလူထုတွေအတွက် ဘ၀လုံခြုံမှုမရှိတော့ဘူး” လို့ ကော့ကရိတ်ဒေသခံက ပြောပါတယ်။
တိုက်ပွဲကြာလာတာကြောင့် စစ်ရှောင်တွေအနေနဲ့ စားနပ်ရိက္ခာ အပါအဝင်လိုအပ်ချက်တွေ များပြားနေကြောင်းလည်း သူက ပြောပါတယ်။
ကော့ကရိတ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်တွေပျက်စီးတာတွေအပြင် အရပ်သားပြည်သူလူထုတွေသေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က အရာရှိ အပါအဝင် သေဆုံးထိခိုက်များပြားခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ကျဆုံးထိခိုက်မှုရှိခဲ့ပါတယ်။
