ဒီဇင်ဘာ ၂၆၊ The Nation Voice
ကော်ဘရာစစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ပြီး သေနတ်အလက်(၅၀)ပေးအပ်ခဲ့တယ်လို့ NUG ရဲ့သတင်းပြန်ကြားရေးဌာန PVTV သတင်းက ဒီကနေ့မှာ ဖော်ပြလာပါတယ်။
အဲ့ဒီ စစ်သင်တန်းဆင်းပွဲမှာ NUG ပြည်ထောင်စုဝန်ကြီးချုပ်က အစိုးရရဲ့ တစ်နှစ်စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့များနဲ့ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနဲ့ သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာနဲ့ တိုင်းရင်းသားမဟာမိတ်တပ်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီးရယူဆောင်ရွက်ထားနိုင်မှု စတာတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ရဲဘော်များကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲ့ဒီနောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်က တောင်ပိုင်းစစ်ဒေသဆီကို ပေးအပ်မယ့်လက်နက်တွေထဲက သေနတ်အလက်(၅၀) ကိုကော်ဘရာစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူးဆီကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဒေါ်ဖြူဖြူသင်းက ကော်ဘရာစစ်ကြောင်းသင်တန်းဆင်းရဲဘော်တွေကို ဂုဏ်ပြုငွေ(၁၀)သိန်း ပေးအပ်ခဲ့ပါတယ်။
တာဝန်ရှိသူတွေက သင်တန်းဆင်းရဲဘော်တွေကို တစ်ဦးချင်း သစ္စာရေ တိုက်ကျွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်သင်တန်းဆင်းပွဲကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဒေါ်ဖြူဖြူသင်းအပြင်တောင်ပိုင်းတိုင်းစစ်ဒေသက ဗိုလ်မှူးကြီးစောဖီးနစ်၊ ဗိုလ်စောရှား၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး အိသဥ္စာမောင်နဲ့ တာဝန်ရှိသူတွေကလည်း တက်ရောက်ခဲ့ကြတယ်လို့ PVTV က အသိပေးထားပါသေးတယ်။



