ဒီဇင်ဘာ ၂၉၊ The Nation Voice
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ မောင်းမကန်ကျေးရွာက ပျူစောထီးခေါင်းဆောင် တစ်ဦးနဲ့ ပျူစောထီးအဖွဲ့ဝင် နှစ်ဦးကို မနေ့က သူတို့ရဲ့ နေအိမ်မှာပဲ သွားရောက် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မောင်းမကန်ကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဦးစိုးသိန်း(ခ) သက်ရှည်နဲ့ သမက်ဖြစ်သူ စစ်မှုထမ်းဟောင်း၊ ပျူစောထီးသင်တန်းဆင်း နိုင်ဦးတို့ဟာ လက်နက်ကိုင်ဆောင်ပြီး ပျူတွေကို စစ်သင်တန်းပြန်ပေးနေသူတွေလို့ ဖော်ပြပါတယ်။
ဒါ့အပြင် သမီးဖြစ်သူ အေးလဲ့ထွေး(ခေါ်) မီးကန်းဟာလည်း ငွေကြေးအသုံးပြုပြီး ပျူစောထီးအင်အားတိုးပွားအောင်လုပ်ဆောင်နေသလို စစ်ကောင်စီကို သတင်းပေးကာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးခိုင်းနေသူတွေဖြစ်တာကြောင့် သူတို့ရဲ့နေအိမ်မှာပဲ သွားရောက်ရှင်းခဲ့တာဖြစ်ပြီး လက်နက်သိမ်းဆည်းလိုပေမယ့် လုံခြုံရေးအရပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
အလားတူ လောင်းလုံ-ကျောက်နီမော် လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်က တပ်ကြပ်ကြီးပြုံးချိုကို ပစ်ခတ်ရှင်းခဲ့ပြီး သူ့ဆီက ပါလာတဲ့ ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထပ်မံထုတ်ပြန်ထားပါတယ်။
ဒီလို ပစ်ခတ်ရှင်းလင်းမှုတွေဟာ LLPDF နဲ့ပဲသက်ဆိုင်ပြီး ကျေးရွာနေပြည်သူလူထုနဲ့ မသက်ဆိုင်ဘူးလို့ အသိပေးကာ ပြည်သူလူထုအနေနဲ့ ပျူ၊စစ်ကောင်စီတပ်၊ ပျော်ပွဲရွှင်ပွဲ၊ လူစည်ကားရာနေရာတွေကို ရှောင်ဖို့သတိပေးထားပါတယ်။




