အာဖဂန်အမျိုးသမီးများ တက္ကသိုလ်တက်ခွင့်နဲ့ ပရဟိတလုပ်ငန်းများပါဝင်ခွင့် ကန့်သတ်ထားခံရခြင်းအပေါ် ကုလသမဂ္ဂ လေးလေးနက်နက်သတိပေး

ဒီဇင်ဘာ ၂၉၊ The Nation Voice

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေတက္ကသိုလ်တက်ခွင့်နဲ့ စေတနာ့ဝန်ထမ်းလုပ်ငန်းတွေမလုပ်ကိုင်ဖို့ဥပဒေတွေချမှတ်ထားတဲ့ တာလီဘန်တွေကို လေးလေးနက်နက် သတိပေးထားတယ်လို့ CNN သတင်းဌာနက ဒီကနေ့ ဖော်ပြပါတယ်။

အာဖဂန်မှာ လွန်ခဲ့တဲ့ရက်သတ္တပတ်တွေက တာလီဘန်တွေထုတ်ပြန်ခဲ့တဲ့ ဒေသတွင်းနဲ့ အပြည်ပြည်ဆိုင်ရာ NGO အဖွဲ့အစည်းတွေမှာ အမျိုးသမီးဝန်ထမ်းတွေမခန့်ထားဖို့နဲ့ တက္ကသိုလ်တွေမှာ အမျိုးသမီးတွေတက်ရောက်ခွင့်မပြုဖို့ ထုတ်ပြန်ချက်တွေကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက ကျယ်ကျယ်လောင်လောင် ကန့်ကွက်ရှံ့ချနေကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ထုတ်ပြန်ချက်မှာလည်း ဒီကိစ္စအတွက် အထူးစိုးရိမ်ပူပန်ကြောင်းနဲ့ အမျိုးသမီးတွေရဲ့ တန်းတူညီမျှစွာပါဝင်ဆောင်ရွက်ခွင့်အတွက် တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် တာလီဘန်တွေရဲ့ လူအခွင့်အရေးတွေအပေါ် မလေးစားမှုနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ပိတ်ပင်ထားတဲ့ မူဝါဒတွေကိုလည်း ပြန်လည်ပြောင်းလဲဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။

တာလီဘန်တွေဟာ မနှစ်က သူတို့အာဏာရယူလိုက်တဲ့အချိန်ကစပြီး ဒီလိုဥပဒေတွေကို စတင်ထုတ်ပြန်နေခဲ့တာပါ။ သူတို့ဖက်ကတော့ ဒီဥပဒေတွေက အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကိုကာကွယ်ဖို့ဖြစ်တယ်လို့သာ ပြောဆိုနေပေမယ့်လည်း အခုလိုချိုးဖောက်ခံနေရတဲ့အခွင့်အရေးတွေဟာ အာဖဂန်အမျိုးသမီးတွေ ဆယ်စုနှစ်(၂)ခုကြာ ကြိုးစားတိုက်ပွဲဝင်ပြီးမှရရှိလာတဲ့ လွတ်လပ်ခွင့်တွေဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *