KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန် လွတ်မြောက်ရေးတောင်းဆိုတဲ့ လှုပ်ရှားမှု KSCM ပြုလုပ်

ဒီဇင်ဘာ ၂၉၊ The Nation Voice

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်လွတ်မြောက်ရေးအတွက် Facebook ပရိုဖိုင်းပြောင်းပြီး တောင်းဆိုတဲ့ လှုပ်ရှားမှုကို Kachin State Civilian Movement – KSCM က ဦးဆောင်ပြုလုပ်လျက်ရှိပြီး လှုပ်ရှားမှုမှာပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ဖမ်းထားသည်မှာ ရက်ပေါင်း (၂၀)ကျော်ကြာပြီဖြစ်ပြီး အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် ပရိုဖိုင်ပုံပြောင်းခြင်းဖြင့် လူထုဆန္ဒ ထုတ်ဖော်မှုမှာ ပါဝင်ကြဖို့ KSCM က တိုက်တွန်းတောင်းဆိုကာ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ပုံကိုပါ ဖော်ပြထားပါတယ်။

“နိုင်ငံတကာ ရောက်ရှိနေတဲ့ကချင်လူမျိုး၊ ကချင်ပြည်သူ၊ တိုင်းရင်းသား များအားလုံး လည်း ဆန္ဒထုတ်ဖော်မှု မှာပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်” လို့ KSCM က ထုတ်ပြန်ထားပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က မန္တလေးလေဆိပ်မှာ ဒီဇင်ဘာ ၅ရက်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့ ဒေါက်တာခလမ်ဆန်ဆွန် အမြန်ဆုံးလွတ်မြောက်ရေးအတွက် ကချင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဒီဇင်ဘာ ၂၇ရက်မှာ သဘောထား ထုတ်ပြန်ကြေညာ တောင်းဆိုထားပါတယ်။

လူသားအကျိုးပြုလုပ်ငန်းတွေကို အစဉ်တစိုက် ဆောင်ရွက်နေတဲ့ အများပြည်သူ လေးစားယုံကြည်အားကိုးရတဲ့ ခေါင်းဆောင်တစ်ဦး အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ထားတာဟာ နိုင်ငံတော်တည်ဆောက်ရေးနဲ့ သဟဇတဖြစ်ရေးလုပ်ငန်းစဉ်တွေအတွက် များစွာ နှောင့်နှေးပြီး ဆုံးရှုံးမှုများ ဖြစ်စေကြောင်း ကချင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းတွေက ကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *