စစ်ကောင်စီက ထုတ်ပြန်မှုမရှိဘဲ တစ်နိုင်ငံလုံးက ပတ်စ်ပို့စ်ရုံးတွေ ပိတ်

ဇန်နဝါရီ ၂၊ The Nation Voice

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံကူးလက်မှတ် (Passport) ရုံးတွေအကုန်လုံး ဒီနေ့မနက်ကစပြီး ပိတ်လိုက်ပြီလို့ Passport ရုံးနဲ့ နီးစပ်သူတွေ၊ Passport ဝန်ဆောင်မှူပြုလုပ်ပေးနေသူတွေဆီက သိရပါတယ်။

အရင်က online booking စနစ်နဲ့ ရန်ကုန်ရုံးမှာ Passport လာရောက်ပြုလုပ်ရတဲ့စနစ်ကို လွန်ခဲ့တဲ့ ဒီဇင်ဘာ (၅)ရက်က ရပ်နားလိုက်တာဖြစ်ပြီး Booking QR code ရရှိထားပြီးသူတွေကိုသာ ဆက်လက်လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံပတ်စ်ပိုစ့်ရုံးက နောက်ဆုံးသတင်းထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ရုံးတွေအကုန်ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတရားဝင်ကြေညာမှုမရှိသလို Passport ထုတ်ပေးမှုတွေကိုလည်း ဒီနေ့ကစပြီး ရပ်တန့်သွားတာဖြစ်ပါတယ်။ Online Booking စနစ်ရပ်နားထားချိန် နယ်ရုံးတွေမှာ ဆက်လက်ထုတ်ပေးနေပေမယ့်လည်း ဒီနေ့မှာတော့ တစ်နိုင်ငံလုံးပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Passport ရုံးနဲ့ နီးစပ်သူတွေကတော့ ဇန်နဝါရီ (၅) ရက်မှာ ရုံးတွေပြန်ဖွင့်မယ်လို့ ပြောဆိုနေကြပြီး ဒီရက်ပိုင်း ကြားပွဲစားတွေက Passport လုပ်ပေးမယ်လို့ပြောဆိုတာတွေကိုမယုံကြဖို့နဲ့ ရန်ကုန်ရုံးမှာ online booking ရယူထားပြီးသားသူတွေအနေနဲ့လည်း ဆက်လက်စောင့်ကြည့်ကြဖို့ သတိပေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *