စစ်ကောင်စီဟာရက်စက်ကြမ်းကြုတ်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့သလို နည်းမျိုးစုံနဲ့ နိုင်ငံတကာ ကို လိမ်လည်ခဲ့ ကြောင်း MNDAA စီးဦးစီးချုပ်ပြော

ဇန်နဝါရီ ၂၊ The Nation Voice

စစ်ကောင်စီအနေနဲ့ လူဦးရေသန်းပေါင်း (၅၀)ကျော်ရှိတဲ့ မြန်မာပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်နေတာကြောင့် အဖိနှိပ်ခံ ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ ဝမ်းနည်းမှုနဲ့ ဒေါသများကို စွမ်းအားအဖြစ် သို့ ပြောင်းလဲပြီး စည်းလုံးညီညွတ်စွာ တော်လှန်ရေးကို အဆုံးထိတိုင် ဆက်လက်ဖော်ဆောင်သွားမယ်လို့ အခိုင်အမာ ယုံကြည်ကြောင်း ကိုးကန့်တပ်မတော်(MNDAA) စစ်ဦးစီးချုပ် ဦးဖုန်တဲရင်က ပြောပါတယ်။

MNDAA စစ်ဦးစီးချုပ်က နှစ်သစ်ကူးသဝဏ်လွှာမှာ အထက်ပါအတိုင်း ပြောဆိုခဲ့သလို နှစ်သစ်မှာ ဘုံတော်လှန်ရေး ရည်မှန်းချက် ပန်းတိုင်ကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြရမယ်လို့လည်း ပြောခဲ့ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော်တစ်ဝှမ်းလုံးမှာ အကြမ်းဖက်စနစ်နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို လျစ်လျူရှုပြီး အရပ်သားများနေထိုင်ရာဒေသတွေကို ဦးတည်ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း သဘောထား အမြင်မတူတဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း အစရှိတဲ့ ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း MNDAA စစ်ဦးစီးချုပ်က ပြောပါတယ်။

နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့ပြီးချိန်ကစပြီး ဒီကနေ့အထိလပေါင်း(၂၃)လ ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း၊ အစောပိုင်း ကာလက ပြည်သူလူထုတစ်ရပ်လုံးမှ ငြိမ်းချမ်းစွာ ဆန္ဒပြရာကတဆင့် တော်လှန်ရေးအဖွဲ့အစည်းတွေ ဖွဲ့စည်းလာခဲ့ပြီး အခုဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေမှာ စေ့စပ်ညှိနှိုင်းလို့မရနိုင်တော့တဲ့ အခြေအနေသို့ ဆက်လက် ကူးပြောင်းလာခဲ့ပြီဖြစ်ကြောင်း သူက ပြောပါတယ်။

မနှစ်က စစ်ကောင်စီအနေနဲ့ နိုင်ငံရေး အခြေအနေကို အမြန်ထိန်းချုပ်နိုင်ဖို့ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက်နှိပ်နင်းခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတုအယောင်များ ကျင်းပခြင်း၊ ကတိကဝတ်အတုများပြုခြင်းတို့နဲ့ နိုင်ငံတကာအပေါ် လိမ်လည်ခဲ့ကြောင်းလည်း MNDAA စစ်ဦးစီးချုပ်က ပြောပါတယ်။

ဒါ့အပြင် ၂၀၂၃ ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရပါတီကို အာဏာပြန်အပ်မယ်လို့ ကြွေးကြော်ကာ သူတို့ရဲ့ လက်အောက်ခံ အရာရှိတွေကို ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ တာဝန်ထမ်းဆောင်စေခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်စီဟာ အာဆီယံရဲ့ သဘောတူညီချက် (၅)ရပ်ကိုလည်း ဒီနေ့အချိန်အထိ အကောင်အထည်မဖော်ဆောင်နိုင်လို့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မရှိတဲ့ အခြေအနေဖြစ်နေတယ်လို့လည်း MNDAA စစ်ဦးစီးချုပ်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *