ထားဝယ်-ထီးလမ်းမကြီးပေါ်မှာ ဖမ်းဆီးရမိတဲ့စစ်တပ်ထုတ်ကုန်နဲ့ မူးယစ်ဆေးဝါးတွေကို ဒေသခံတပ်တွေက ဖျက်ဆီး

ဇန်နဝါရီ ၂၊ The Nation Voice

တနင်္သာရီတိုင်း၊ထားဝယ်-ထီးခီးလမ်းမကြီးပေါ်မှာ ဒီဇင်ဘာ(၃၀)ရက်နေ့က ဒေသခံပူးပေါင်းတပ်တွေဟာ ကားတွေကိုတားဆီးစစ်ဆေးခဲ့ရာ စစ်တပ်ထုတ်ကုန်နဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ထားဝယ်ခရိုင် တပ်ရင်း(၁)၊ Kawthoolei Army နဲ့ သံမဏိ​ပျောက်ကျားတပ်ဖွဲ့ နဘယံတို့ကပူးပေါင်းစစ်ဆေးခဲ့တာလို့သိရပါတယ်။

ဒီဇင်ဘာ(၃၀)ရက်နေ့ မနက်ပိုင်းကစပြီး ထားဝယ်ဘက်ကနေ ထီးခီးဘက်ကိုတက်လာတဲ့ ကားတွေကိုတားဆီးစစ်ဆေးခဲ့ရာ မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ဒဂုံဘီယာနဲ့ Andaman ဘီယာတွေဖမ်းဆီးရမိခဲ့ပြီး ညနေ(၅)နာရီလောက်မှာ မူးယစ်​ဆေးဝါးတွေကိုပါ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ဘီယာတွေကို ကားနဲ့တက်ကြိတ်ဖျက်ဆီးခဲ့ပြီး မူးယစ်ဆေးဝါးတွေကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“အဓိကတော့ ဘီယာတွေပါ ဖမ်းဆီးတယ်ဆိုတာ စစ်ကောင်စီအကျိုးစီးပွါးကို တိုက်ရိုက်ပတ်သက်တာကြောင့် ၊ ဒီအမျိုးစားတွေ ကုန်သွယ်လို့မရကြောင်း ကျနော်တို့ အသိပေးထားပြီးသားပါ။ မူးယစ်ဆေးဝါးကတော့ လုံးဝလက်မခံသင့်တာ ဆရာတို့လည်း အသိပါပဲ”လို့ ဖမ်းဆီးရာမှာပါဝင်တဲ့ တာဝန်ရှိသူ တစ်ဦးရဲ့ပြောစကားကို တောင်ပိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေးက ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ စကစတပ်နဲ့ ဒေသခံပူးပေါင်းတပ်တွေ စစ်ရေးအခြေအနေတင်းမာလျှက်ရှိပြီး ပြည်သူတွေအနေနဲ့လည်း ဒေသခံတပ်တွေရဲ့ လုပ်ငန်းစဉ်‌တွေ မှာပူးပေါင်းပါဝင်ပေးကြဖို့ကိုတိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *