ဇန်နဝါရီ ၂၊ The Nation Voice
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်က ပျူစောထီးခြေကုပ်စခန်းနဲ့ ခေါင်းဆောင်နေအိမ်တွေကို နှစ်သစ်ကူးည ဒီဇင်ဘာ (၃၁) ရက်မှာ ဝင်ရောက်စီးနင်းပြီး နယ်မြေရှင်းလင်းစဉ်မှာ မျိုးချစ်၊ မဘသ၊ ပျူ၊ စစ်တပ်နဲ့ပတ်သက်တဲ့ အရေးမှတ်တမ်းတွေရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
နယ်မြေရှင်းလင်းစဉ်မှာတွေ့ရတာတွေကတော့ ပျူစောထီးအဖွဲ့ဝင်စာရင်းဇယား၊ ထားဝယ်မျိုးချစ်တပ်မတော်နဲ့ပတ်သက်နဲ့စာရင်းဇယား၊ စည်းရုံးရေးမှတ်တမ်း၊ထားဝယ်ခရိုင် (၄) မြို့နယ် ချိတ်ဆက် အစီအရင်ခံစာ၊စစ်ရေးမှတ်တမ်းနဲ့ စစ်ကောင်စီစစ်ကြောင်း မှတ်တမ်း၊လက်နက်လွှဲပြောင်းမှတ်တမ်း၊ ပသစ တံဆိပ်ပါ ပျူစောထီးယူနီဖောင်း၊ လက်နက်အချို့နဲ့ ဖော်ပြနိုင်ခြင်းမရှိတဲ့ စစ်ရေးမှတ်တမ်းတွေကို သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။
အဲဒီလို စာရင်းဇယားမှတ်တမ်းတွေကိုသိမ်းဆည်းနိုင်ခဲ့တာကြောင့် ထားဝယ်ခရိုင်၊ (၄)မြို့နယ်အတွင်းရှိ စကစရဲ့လက်ကိုင်တုတ် ပျုစောထီး ကျေးရွာစာရင်းနဲ့ ရပ်ကွက်အလိုက် ပျူစောထီးအဖွဲ့ဝင်စာရင်းတွေကို သက်သေခိုင်လုံစွာ စာရင်းစာအုပ်ပါမကျန် သိမ်းဆည်းရရှိထားသဖြင့် အနီးကပ်စောင့်ကြည့်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေတွေကို တွေ့တဲ့နေရာမှာ သုတ်သင်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိပြီး အခါအားလျော်စွာထုတ်ပြန်တဲ့ သတိပေးချက်တွေကို ဂရုပြုဖို့ မှာကြားထားပါတယ်။








