ဇန်နဝါရီ ၂၊ The Nation Voice
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ TNLA တပ်မဟာ(၂)စစ်ဒေသမှာ TNLA ရဲ့ ဗိုလ်လောင်း သင်တန်း (ATA)နဲ့ အလုပ်သင်အရာရှိ (TOAT) သင်တန်းဆင်းပွဲကို မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
သင်တန်းဆင်း အခမ်းအနား သတင်းဓါတ်ပုံမြင်ကွင်းကိုတော့ TNLA ရဲ့ ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပြီး အဲဒီအခမ်းအနားမှာ ဗိုလ်လောင်းသင်တန်း အပတ်စဥ် (၂) ၅၁ ဦးနဲ့ အလုပ်သင်အရာရှိ အပတ်စဥ် (၃) ၁၀၅ ဦးတို့ သင်တန်းဆင်းနိုင်ခဲ့တာလို့ TNLA က ဆိုပါတယ်။
ဗိုလ်လောင်းသင်တန်းမှာတော့ ကိုယ်ရည်ကိုယ်သွေးစွမ်းရည်၊ နိုင်ငံရေးဘာသာရပ်၊ စစ်ရေး စာတွေ့၊ လက်တွေ့ စုစုပေါင်း (၃) နှစ် သင်ကြားခဲ့တာ ဖြစ်ပြီး အလုပ်သင်အရာရှိကတော့ အရာရှိတွေ လိုက်နာရမယ့် တာ၀န်၀တ္တရား၊ နိုင်ငံရေး၊ စစ်ရေး၊ ရုံးတွင်းစီမံခန့်ခွဲနိုင်ဖို့ (၁) နှစ်ကြာ သင်ကြားပေးခဲ့ဖြစ်ပါတယ်။
သင်တန်းဆင်း အခမ်းအနားကို TNLA တပ်မတော် ဗဟိုကော်မတီ ခေါင်းဆောင်အများစု တက်ရောက် ဂုဏ်ပြုခဲ့ကြပြီး TNLA တပ်မတော်ဟာ ဗိုလ်လောင်း (၁၆၀) ဦးထိ မွေးထုတ်နိုင်ခဲ့ပြီဖြစ်သလို၊ အလုပ်သင် အရာရှိ (၁၀၀) ဦးကျော်ကိုလည်း မွေးထုတ်နိုင်ခဲ့ပြီးလို့ သိရပါတယ်။












