KIO ဥက္ကဋ္ဌ အဖြစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်အား တာဝန်ပေး

ဇန်နဝါရီ ၃၊ The Nation Voice

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ကျန်းမာရေးအခြေအနေအရ လက်ရှိစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်အား ဥက္ကဋ္ဌတာဝန်ကို ယာယီလွှဲပြောင်းပေးအပ်လိုက်ကြောင်း ကချင်သတင်းရင်းမြစ်ကပြောပါတယ်။

“ လောလောဆယ် သူ့ကို တာဝန်ခဏလွှဲအပ်ထားတာ။ ဥက္ကဋ္ဌက ဆေးကုသွားရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့။ ယာယီပါ ယာယီဥက္ကဋ္ဌခန့်ထားတာပါ” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

အခြားသတင်းရင်းမြစ်ရဲ့အဆိုအရ KIO ပါတီ ခေါင်းဆောင်မှုပိုင်းအပြင် စစ်ရေးအစုအဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အုပ်ချုပ်ရေးအစုအဖွဲ့ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIA) ခေါင်းဆောင်မှုအပြောင်းအလဲတွေပါရှိတယ်လို့ ဆိုပါတယ်။

သီးခြားအတည်ပြုချက် မရသေးပေမယ့် KIA ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်ခေါင်လွန်းကို စစ်ဦးစီးချုပ်တာဝန်ပေးအပ်လိုက်တယ်လို့ဆိုပါတယ်။

အခု ရာထူးတာဝန်အပြောင်းအလဲတွေဟာ အဖွဲ့တွင်းမှာ ပြဿနာ တစုံတရာဖြစ်လို့မဟုတ်ဘဲ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်တယ်လို့ KIA နဲ့နီးစပ်တဲ့ ကချင်ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီကနေ့မှာ အပြောင်းအလဲသတင်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ပိုသိရနိုင်တယ်လို့လည်း သူကပြောပါတယ်။

KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကတော့ ရာထူးတာဝန်အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး လတ်တလော အတည်ပြုပေးလို့မရသေးဘူးလို့ ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *