ကြာအင်းဆိပ်ကြီးတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ သေဆုံးခဲ့ကြောင်းမြို့နယ်ပအဖ ထုတ်ပြန်

ဇန်နဝါရီ ၅၊ The Nation Voice

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့က စစ်ကောင်စီတပ်တွေကို မနေ့မနက်က တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ထားပါတယ်။

ခလရ (၃၂)၊ခလရ (၂၈၃)၊ ခလရ (၂၈၄) စတဲ့ စစ်ကောင်စီတပ်ရင်းတွေကို တိုက်ခိုက်ဖို့ ဇန်နဝါရီ ၃ရက် ညပိုင်းမှာ ချဉ်းကပ်ခဲ့ပြီး မနက် ၅နာရီကျော်လောက်မှာ တပ်ရင်းများအတွင်းကို ဝင်ရောက်စီးနင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲစချိန်မှာပဲ စစ်ကောင်စီက တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ သုံးပြီး အကြိမ်ပေါင်းများစွာ ပစ်ကူပေးခဲ့တာကြောင့် တပ်ရင်းတွေအတွင်းခက်ခဲစွာ ထိုးဖေါက်ဝင်ရောက်ခဲ့ရကြောင်း မြို့နယ် ပအဖက ထုတ်ပြန်ပါတယ်။

“လေယာဉ်သာ တစ်ကြိမ်နှစ်ကြိမ်လောက်ပဲ လာနိုင်မယ်ဆို ကျွန်တော်တို့တွေ တပ်ရင်း (၃)ရင်းလုံးကို မီးသင်္ဂြိုလ်ပေးနိုင်ပါတယ်။ အခု က ပစ်ပုံ ပုံထားပေးနိုင်ရုံပဲ ရှိတာပေါ့ဗျာ”လို့ နဂါးနီ PDF ရဲဘော်ရဲ့ ပြောကြားချက်ကိုလည်း ဖော်ပြထားပါတယ်။

ခလရ(၃၂)နဲ့ ခလရ(၂၈၄) တပ်ရင်းတွေမှာ ဖြစ်တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်း (၂)ရင်းပေါင်း တပ်ဖွဲ့ဝင် (၂၀၀)ဦးခန့် သေဆုံးခဲ့တယ်လို့လည်း မြို့နယ် ပအဖက ထုတ်ပြန်ခဲ့ပါတယ်။ခလရ (၃၂)က ဘားတိုက်တချို့ကို မီးရှို့နိုင်ခဲ့ပြီး ခလရ(၂၈၄) တပ်က အရာရှိနေအိမ်များကို ဖျက်စီးတာ၊ကားတစ်စီးမီးရှို့တာတို့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ လည်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ခလရ (၂၈၄)က တပ်ရင်းမှူး ဇနီးကို ဖမ်းဆီးရရှိခဲ့သော်လည်း ပြန်အဝိုင်းခံရပြီး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရချိန်မှာရုတ်တရက် ပြန်လွတ်သွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်းမှာ တော်လှန်ရေး အင်အားစုများဘက်က CDM စစ်သား ရဲဘော် ရဲနိုင်သွေး အပါအဝင် (၄)ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အခု သတင်းတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူများဘက်က ထုတ်ပြန်ချက်များ ထုတ်ပြန်ပေးမှသာ အတည်ဖြစ်မယ်လို့လည်း ကြာအင်းဆိပ်ကြီး ပအဖက မေတ္တာရပ်ခံ အသိပေးထားပါတယ်။

ကြာအင်းဆိပ်ကြီး တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် အခြေအနေမသိရသေးပေမယ့် ဒီကနေ့ ဇန်နဝါရီ ၅ရက်မှာလည်း တိုက်ပွဲဆက်ဖြစ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *