ဗီယက်နမ်က ပေတစ်ရာကျော်နက်တဲ့ တွင်းထဲပိတ်မိနေတဲ့ ကလေးငယ်သေဆုံးကြောင်းကြေညာ

ဇန်နဝါရီ ၅၊ The Nation Voice

နှစ်သစ်ကူးအကြိုနေ့ကတည်းက တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရဲ့ ပေတစ်ရာကျော်နက်တဲ့ တွင်းထဲပြုတ်ကျပြီး ပိတ်မိနေတဲ့ကလေးငယ်ဟာ မနေ့ကသေဆုံးသွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာတွေက ထုတ်ပြန်လိုက်ပါတယ်။

ဗီယက်နမ်ရဲ့တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို ကလေးငယ်ပြုတ်ကျတဲ့နေ့ကစလို့ လေးရက်ကြာ ကယ်ဆယ်မှုတွေပြုလုပ်ပြီးနောက် သေဆုံးသွားပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက အတည်ပြုခဲ့တာဖြစ်ပါတယ်။

‌ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပေတစ်ရာကျော်နက်တဲ့ ကွန်ကရစ်အခေါင်းပွတိုင်ကို ပြန်လည် မတင်ပြီး ကလေးငယ်ကိုကယ်ဆယ်ဖို့ကြိုးစားခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ဘူးလို့လည်းသတင်းရရှိပါတယ်။

ဒီကလေးငယ်ဟာ လွန်ခဲ့တဲ့စနေနေ့ နှစ်သစ်ကူးအကြိုနေ့က ဗီယက်နမ်နိုင်ငံရဲ့တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း သတ္ထုအပိုင်းအစရှာဖွေဖို့ ဝင်ရောက်ခဲ့တာကနေ တစ်ပေခန့်အကျယ်ရှိပြီး ပေတစ်ရာကျော်နက်တဲ့ ကွန်ကရစ်တွင်းထဲ့ကို ပြုတ်ကျခဲ့ရာမှ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

သူဟာ ကွန်ကရစ်အခေါင်းပွတိုင်အမျိုးအစားဖြစ်တဲ့တွင်းထဲမှာ အချိန်ကြာမြင့်စွာ ပိတ်မိနေခဲ့စဉ် ဒဏ်ရာများစွာရရှိထားခဲ့ပြီး အောက်စီဂျင်လဲ လုံလောက်စွာမရရှိခဲ့တာဖြစ်တယ်လို့ ဆောက်လုပ်ရေးတာဝန်ခံတစ်ယောက်ကပြောပါတယ်။

ကလေးကိုကယ်ဖို့အတွက်ဦးစားပေးလုပ်ဆောင်ခဲ့ပေမဲ့ အခြေအနေအရ အသက်ရှင်ဖို့တော့မလွယ်ကူခဲ့တာဖြစ်ပါတယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒါ့အပြင် ကလေးရဲ့သေဆုံးမှုကိုလည်း ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ဆုံးဖြတ်ချက်အရထုတ်ပြန်ခဲ့တယ်လို့လဲသိရပါတယ်။

ဒေသအတွင်း ကျွမ်းကျင်တဲ့အင်ဂျင်နီယာတွေနဲ့စစ်သားတွေတွေက ကလေးကိုအစွမ်းကုန်ကယ်ဆယ်ခဲ့ပေမဲ့ အရမ်းခက်ခဲတဲ့အခြေအနေဖြစ်ခဲ့တာကြောင့် နောက်ဆုံးမှာ သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Source – France 24

Leave a Reply

Your email address will not be published. Required fields are marked *