ဇန်နဝါရီ ၅၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နဲ့ တပ်မဟာ (၆) နယ်မြေအတွင်း ထိတွေ့တိုက်ပွဲတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့စစ်ကြောင်းတွေနဲ့အတူ ၂၀၂၂ ခုနှစ် တစ်နှစ်တာကာလအတွင်း ဒရုန်းပျံသန်းစစ်ဆင်ရေး (၄၃၇) ကြိမ်နဲ့ တိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ Federal Wings က ထုတ်ပြန်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာ Federal Wings ရဲ့ တပ်အင်အားတိုးချဲ့မှုလုပ်ငန်းတွေ၊ တိုက်ခိုက်ရေး Mission တွေနဲ့ တိုက်ခိုက်ရေးဒရုန်းအမျိုးအစားအသစ် စမ်းသပ်ထုတ်လုပ်မှုတွေကို အရှိန်တိုးမြှင့် လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒရုန်းတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ခန့် သေဆုံးခဲ့တဲ့အပြင် ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ စစ်မြေပြင်သတင်းတွေပေါ် အခြေခံပြီး Federal Wings က အသိပေးထားပါတယ်။
၂၀၂၂ ခုနှစ် တိုက်ပွဲများအတွင်း Federal Wings တပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုအနည်းငယ်ရရှိခဲ့ပေမယ့် ပြည်သူ့လူထုမေတ္တာကြောင့် သက်သာပျောက်ကင်းခဲ့ကြပြီး သက်ဆိုင်ရာတော်လှန်ရေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နေကြဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ ဦးဆောင်မှုအောက်မှာ သတင်းအချက်အလက် နည်းပညာနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန (MOCIT) နဲ့ Federal Wings Fundraise တွေက ကောက်ခံရရှိငွေစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ (၂၆၅,၀၀၀)ကျော် ဖြစ်ပြီး လွတ်လပ်ရေးကိုလိုလားတဲ့ ပြည်သူလူထုအပေါင်း ထည့်ဝင်လှူဒါန်းထားတဲ့ အဲဒီငွေကြေးကို အလေအလွင့်မရှိစေဖို့နဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်တဲ့ တော်လှန်ရေးတိုက်ပွဲတွေမှာ အကျိုးရှိစွာ အသုံးချနေတယ်လို့ သိရပါတယ်။
Federal Wings ဟာ COC အောက်မှလွတ်ကင်းတဲ့ သီးခြားလက်နက်ကိုင်တပ်ဖွဲ့ပုံစံ ဖွဲ့စည်း ထားခြင်းမဟုတ်ဘဲ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိသော EAO ၊ PDF တပ်ဖွဲ့တိုင်းနဲ့ ပူးတွဲစစ် ဆင်နိုင်ရန် စီမံဖွဲ့စည်းထားတဲ့ နည်းပညာထောက်ကူပြုတပ်ဖွဲ့များဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကော့ကရိတ်တိုက်ပွဲ၊ တောင်စွန်းတိုက်ပွဲနဲ့ ကြာအင်းဆိပ်ကြီးတိုက်ပွဲတွေမှာလည်း Federal Wings ဒရုန်းတပ်ဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ရင်း တပ်ဖွဲ့ စစ်ကြောင်းတွေနဲ့အတူ အင်အားဖြည့် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။



